ပေါ်တာဆွဲခံရတဲ့ ပြည်သူ့ပါတီ အမတ်လောင်း ကျန်းမာရေးအကြောင်းပြချက်နဲ့ ပြန်လွတ်လာ

Author CJ Platform
Categories
Published on May 21, 2026

ပဲခူးတိုင်း၊ ပြည်မြို့မှာ နေအိမ်တွင်း အိပ်ပျော်နေစဉ် စစ်အုပ်စုက စစ်မှုထမ်းရန်အတွက် ညဉ့်နက်သန်းခေါင်အချိန်မှာ အတင်းအဓမ္မ ဝင်ရောက်ဖမ်းဆီး ပေါ်တာဆွဲခံခဲ့ရတဲ့ ပြည်သူ့ပါတီ (PP) ရဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇေယျာဇော်မှာ ကျန်းမာရေးမကောင်းမွန်တဲ့ အကြောင်းပြချက်နဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၁၉ ရက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်မှာ ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ တိကျစ်ဆုံလမ်း၊ အမှတ် (၁၅၇၆) မှာ နေထိုင်တဲ့ ပြည်သူ့ပါတီရဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်း အသက် ၃၄ နှစ်အရွယ် ဦးဇေယျာဇော်ကို စစ်အုပ်စုက ညဉ့်နက်အချိန် အိပ်ပျော်နေစဉ် ဝင်ရောက်ဖမ်းဆီးကာ ခမရ ၉၅၉ စစ်တပ်အတွင်း၌ ဖမ်းဆီးချုပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီလို ဥပဒေမဲ့ ဖမ်းဆီးခံရပြီးနောက် ပြည်မြို့နယ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကျော်ဆန်းက မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဆီကို “စစ်မှုထမ်းအပတ်စဉ် ရွှေ့ဆိုင်းပေးပါရန် တင်ပြခြင်း” ခေါင်းစဉ်ဖြင့် မေလ ၂၀ ရက်စွဲတပ်ကာ အရေးပေါ် အသနားခံစာတင်ပြပြီး ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဦးကျော်ဆန်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

 

အဲဒီတင်ပြစာမှာ ဦးဇေယျာဇော်ဟာ လက်ရှိမှာ ကျန်းမာရေးချို့ယွင်းနေသဖြင့် ဆေးဝါးကုသမှု ခံယူနေရသူ ဖြစ်တာကြောင့် စစ်မှုထမ်းဆောင်ရန် ခေါ်ဆောင်ခြင်းကို ခေတ္တရွှေ့ဆိုင်းပေးပါရန် တောင်းဆိုထားခြင်းဖြစ်ပြီး ပါတီဘက်က စာတင်ပြညှိနှိုင်းခဲ့ပြီးနောက် မေလ ၂၀ ရက်မှာ ဦးဇေယျာဇော်ကို စစ်အုပ်စုတပ်က ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

 

သူပြန်လည်လွတ်မြောက်လာမှုနှင့်ပတ်သက်ပြီး “ပြည်မြို့နယ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကျော်ဆန်းက မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို အထူးကျေးဇူးတင်ရှိပါတယ်” လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါသေးတယ်။

 

ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရတဲ့ ဦးဇေယျာဇော်မှာ စစ်အုပ်စုပြုလုပ်တဲ့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ပဲခူးတိုင်းလွှတ်တော်၊ မဲဆန္ဒနယ်မြေအမှတ် (၅) မှာ အချိုးကျကိုယ်စားပြုစနစ် (PR) အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်ပါတယ်။