မြေပြင်မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို ကျင့်ဝတ် ၁၀ ပါးနဲ့အညီ ပြုမှုဖို့ ကာချုပ်အသစ် ပြော
မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်အုပ်စုတပ်တွေက ကျေးရွာတွေကို မီးရှို့တာ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေပေမယ့် စစ်အုပ်စုရဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသူ ရဲဝင်းဦးက ပြည်သူနဲ့ ထိတွေ့ဆက်ဆံရာမှာ ကျင့်ဝတ် ၁၀ ပါးနဲ့အညီ ပြုမူရန် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ မေလ ၂၁ ရက် မနက်ပိုင်းမှာ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့ရှိ နယ်မြေခံသင်တန်းကျောင်းမှ နည်းပြအရာရှိကြီးများနဲ့ သင်တန်းသားအရာရှိတွေကို တွေ့ဆုံစဉ် ရဲဝင်းဦးက ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
သူက အရာရှိတွေနဲ့ တပ်မှူးတွေအနေနဲ့ ပြည်သူလူထုကို ထိတွေ့ဆက်ဆံရာမှာ ပြည်သူလူထု အထင်အမြင်လွဲမှားစေနိုင်တဲ့ ကိစ္စရပ်တွေ မဖြစ်အောင် ထိန်းသိမ်းကြပ်မတ်ဖို့နဲ့ ပြဋ္ဌာန်းထားတဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေအပြင် ပြည်သူအပေါ် ပြုကျင့်ရမယ့် ကျင့်ဝတ် ၁၀ ပါးနဲ့အညီ ဆက်ဆံဖို့ မှာကြားခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းနဲ့ အဆင့်မြင့်အရာရှိတွေ တက်ရောက်ခဲ့တဲ့ အဲဒီအစည်းအဝေးမှာ စစ်တပ်အတွင်း စည်းလုံးညီညွတ်မှုရရှိစေရန်အတွက် အထက်အောက် ကြပ်မတ်ကွပ်ကဲဖို့နဲ့ စစ်ရေးစွမ်းရည် တိုးတက်စေဖို့ လေ့ကျင့်ရေးကို ဖိဖိစီးစီး လုပ်ဆောင်ဖို့လည်း ဖိအားပေး ပြောကြားခဲ့ပါတယ်။
စစ်ခေါင်းဆောင်ပိုင်းက မြေပြင်ရှိ အရာရှိ၊ စစ်သည်တွေကို ပြည်သူ့ကျင့်ဝတ်စောင့်ထိန်းဖို့နဲ့ အုပ်ချုပ်ရေးစွမ်းရည် မြှင့်တင်ဖို့ အခုလို မှာကြားနေပေမယ့် လက်တွေ့မှာ စစ်အုပ်စုတပ်ဖွဲ့တွေဟာ နိုင်ငံတစ်ဝန်းလုံး အရပ်သားလူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဥပဒေမဲ့ ပေါ်တာဆွဲဖမ်းဆီးတာနဲ့ ဒေသခံပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်မီးရှို့ဖျက်ဆီးတာတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုး NUG ရဲ့ မေလ ၁၁ ရက် ထုတ်ပြန်ချက်အရ ရဲဝင်းဦး ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်စတင်ယူခဲ့တဲ့ ပြီးခဲ့တဲ့ ဧပြီတစ်လတာအတွင်းမှာပင် စစ်အုပ်စုဟာ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၇၈ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သား ၁၃၈ ဦး သေဆုံးကာ ၂၀၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၅၈၉ လုံးနဲ့ စာသင်ကျောင်း၊ ဆေးပေးခန်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် ဧပြီလအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၅ ကြိမ်အထိ ကျူးလွန်ခဲ့ပြီး မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပတ်ပင်အိုင်ရွာဖြစ်စဉ်မှာ အရပ်သားနဲ့ ကာကွယ်ရေးရဲဘော်တွေကို သတ်ဖြတ်ကာ ရုပ်အလောင်းတွေကိုပါ မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။
ဓာတ်ပုံ – Pro-SAC
