မန်းမှာ မိုးသည်းပြီး ဆည်ဘောင်ကျိုးလို့ ရပ်ကွက်အချို့ ရေဝင်
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်နဲ့ အမရပူရမြို့နယ်မှာ မေလ ၂၂ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရွှေတချောင်းမြောင်း ဆည်ဘောင်ကျိုးလို့ အနိမ့်ပိုင်းရပ်ကွက်တချို့မှာ နေအိမ်ထဲထိ ရေဝင်ရောက်မှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ညပိုင်းက မဟာအောင်မြေမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရွှေတချောင်းမြောင်း ဆည်ဘောင်ကျိုးကာ အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ ရေတက်ခဲ့တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ညက မိုးအရမ်းရွာပြီး ရေကအတော်တက်လာတာ။ လမ်းတွေ၊ အိမ်တွေမှာ အိမ်အပြည့်ပဲ။ ရပ်ကွက်ရုံးတွေ၊ မီးသတ်ရုံးတွေလည်း ရေတက်နေတယ်။ ရွှေတချောင်းဆည်ဘောင်ကျိုးတော့ သီရိမာလာအရှေ့က အနိမ့်ပိုင်းရပ်ကွက်ဆိုတော့ ပိုဆိုးတယ်” လို့ ပြောပါတယ်။
ရပ်ကွက်အတွင်းရှိ ရေမြောင်းများမှာ အမှိုက်များ ပိတ်ဆို့နေတာကြောင့် ရေစီးဆင်းမှုမရှိလို့ မိုးကြီးချိန် ရေတက်တာဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ရှင်းပြပါတယ်။
အမရပူရမြို့နယ်မှာ မနေ့ညက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် ရှမ်းကလေးကျွန်းကျေးရွာမှာ သစ်ပင်များကျိုးကျလို့ မီးသတ်များ ရှင်းလင်းနေရတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ညက မိုးရွာတာ လေပါပါတယ်။ လေတိုက်တာ ဘယ်လောက်ပြင်းလဲဆိုရင် သစ်ကိုင်းတွေ ကျိုးကျတယ်။ စီမံကိန်းရုံးရှေ့မှာ သစ်ပင်ကြီးလဲကျပြီး လမ်းပိတ်နေလို့ မီးသတ်တွေ ရှင်းနေတယ်။ ရပ်ကွက်တချို့မှာ အိမ်ထဲအထိ ရေဝင်တာတွေ ရှိတယ်” လို့ ပြောပါတယ်။
မဟာအောင်မြေမြို့နယ်ရဲ့ အနိမ့်ပိုင်းရပ်ကွက်တချို့မှာတော့ လူနေအိမ်ထဲ ရေဝင်နေတာကြောင့် မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းများ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရပါတယ်။
မေလ ၂၂ ရက်က မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက “မိုးတိမ်တောင်ဖြစ်စဉ်များကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည် ၁၃ ခုတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနဲ့ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်တယ်” လို့ သတိပေးထုတ်ပြန်ထားပါတယ်။
မိုးတိမ်တောင်များ ရွေ့လျားရာလမ်းကြောင်းတစ်လျှောက် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဆိုင်ရာ အန္တရာယ်ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက် / MSFD
