မတ္တရာမှာ စစ်အုပ်စုက စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်ကို ဖမ်းဆီးပြီး စက်သုံးဆီဂါလံထောင်ချီ သိမ်းသွား
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အမှတ် ၄ မှန်စီရပ်ကွက်မှာ မေ ၂၀ ရက် မနက် ၁၀ နာရီက စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးကို စစ်အုပ်စုလက်အောက်ခံရဲတွေက ဖမ်းဆီးပြီး စက်သုံးဆီဂါလံထောင်ချီ သိမ်းဆည်းသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မတ္တရာမြို့နယ်၊ အမှတ် ၄ မှန်စီရပ်ကွက်မှာ ဦးသက်ကိုကိုအောင် ဖွင့်လှစ်ထားတဲ့ စက်သုံးဆီဆိုင်ကို စစ်အုပ်စုလက်အောက်ခံရဲတွေက ဝင်ရောက်စစ်ဆေးပြီး ဆိုင်မှာသိုလှောင်ထားတဲ့ စက်သုံးဆီတွေကို တရားမဝင်ဟုဆိုကာ သိမ်းဆည်းပြီး လူကိုပါ ဖမ်းဆီးသွားတာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“စက်သုံးဆီဆိုင်ဆိုတာ လိုင်စင်လုပ်ပြီးမှ ဖွင့်လို့ရတာကို ဆိုင်ကို ဝင်စစ်ပြီး စက်သုံးဆီတွေကို တရားမဝင်ဘူးဆိုပြီး သိမ်းသွားတာ။ ဆိုင်က ဆီဂါလံ ၁,၅၀၀ ကျော်တယ်” လို့ ပြောပါတယ်။
စစ်အုပ်စုလက်အောက်ခံရဲတွေနဲ့ ပူးပေါင်းအဖွဲ့က ဦးသက်ကိုကိုအောင် စက်သုံးဆီဆိုင်မှ 92 ဓာတ်ဆီ ၃၈၀ ဂါလံ၊ ဒီဇယ် (HSD) ၄၀၀ ဂါလံနဲ့ ပရီမီယံဒီဇယ် (PD) ၇၆၀ ဂါလံ စုစုပေါင်း စက်သုံးဆီဂါလံပေါင်း ၁,၅၄၀ သိမ်းသွားတယ်လို့ လုပ်ငန်းရှင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
“မတ္တရာကို စစ်အုပ်စုတပ်က ပြန်ရပြီးနောက်ပိုင်း လုပ်ချင်သလို လုပ်နေတာ။ မထင်ရင် မထင်သလို PDF နဲ့ ဆက်နွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့” လို့ ရှင်းပြပါတယ်။
လတ်တလောမှာ ဦးသက်ကိုကိုအောင်အား မတ္တရာမြို့မရဲစခန်း (ပ)၄၀/၂၀၂၆ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ နဲ့ အမှုဖွင့်ထားတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ ရက်ကလည်း စစ်အုပ်စုလက်အောက်ခံရဲတွေက မတ္တရာမြို့ပေါ်က စက်သုံးဆီပိုင်ရှင်တစ်ဦးကို ဖမ်းပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခဲ့တာလည်း ရှိပါတယ်။
ဓာတ်ပုံ – Pro – SAC
