စင်ကာပူက စစ်အုပ်စုသံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးသူတွေရဲ့ အချက်အလက် ပျောက်ဆုံးခဲ့လို့ စိုးရိမ်မှုတွေဖြစ်
စင်ကာပူရှိ စစ်အုပ်စုသံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးဖို့ WhatsApp ကနေ ရက်ချိန်းတင်သူတွေရဲ့ အထောက်အထား၊ အချက်အလက် ပျောက်ဆုံးမှုရှိခဲ့တာကြောင့် နိုင်ငံသားတွေရဲ့ အချက်အလက်ထိန်းသိမ်းမှုအပေါ် ဝေဖန်မှုများရှိသလို နည်းပညာလုံခြုံမှုပိုင်းနဲ့ပတ်သက်လို့လည်း စိုးရိမ်နေသူတွေ ရှိနေပါတယ်။
ပတ်စ်ပို့သက်တမ်းတိုးမယ့်သူတွေအတွက် ဖွင့်ထားတဲ့ WhatsApp ထဲ ပေးပို့လာသူ ၁၀,၀၀၀ ကျော်ထဲက မတ်လ ၂၈ ရက်ကနေ မေလ ၁ ရက်အတွင်း ပေးပို့ထားတဲ့ အထောက်အထား၊ အချက်အလက် ပျောက်ဆုံးမှုရှိခဲ့တယ်ဆိုပြီး စစ်အုပ်စုသံရုံးက အသိပေးထားတာ ဖြစ်ပါတယ်။
အဲဒီလို နိုင်ငံသားတွေရဲ့ အထောက်အထား၊ အချက်အလက်ကို မထိန်းသိမ်းနိုင်ဘဲ နည်းပညာလုံခြုံမှုစနစ် အားနည်းချက်ကြောင့် မလိုအပ်တဲ့ ထိခိုက်နစ်နာမှုတွေ ဖြစ်လာမှာစိုးရိမ်ရတယ်လို့ စင်ကာပူမှာ အခြေချနေထိုင်နေသူတစ်ဦးက ဆိုပါတယ်။
“လူတစ်ယောက်ရဲ့ အထောက်အထားအချက်အလက် နည်းပညာခေတ်မှာ ဂရုတစိုက် ထိန်းသိမ်းရမှာ။ အခုလိုဖြစ်တော့ ယုံကြည်ဖို့ ခက်သွားတာပေါ့” လို့ သူက ပြောပါတယ်။
စစ်အုပ်စုသံရုံးက နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လျှောက်ဖို့မလိုသေးသူတွေက WhatsApp နံပါတ်ဆီ ဖုန်းခေါ်ဆိုတာ၊ သက်တမ်းတိုးကိစ္စနဲ့မဆိုင်တာ ပေးပို့သူတွေရှိလို့ အခုလို အထောက်အထား၊ အချက်အလက် ပျောက်ဆုံးရတာဆိုပြီး အကြောင်းပြထားပါတယ်။
အဲဒီနောက် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့အတွက် မတ်လ ၂၈ ရက်ကနေ မေလ ၁ ရက်အတွင်း အချက်အလက်ပေးပို့ခဲ့ပြီး အကြောင်းပြန်ကြားချက်မရသူတွေ ပြန်ပို့ရမယ်လို့ ဆိုပါတယ်။
စစ်အုပ်စုသံရုံးက နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဖို့ ၁၄ လအောက် ကျန်သူတွေကို လိုအပ်တဲ့ အချက်အလက်တွေနဲ့အတူ သံရုံးရဲ့ WhatsApp နံပါတ်ဆီ ပေးပို့ပြီး ရက်ချိန်းယူရတဲ့နည်းလမ်းကို မူလကတည်းက အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
WhatsApp ဟာ အင်တာနက်ချိတ်ဆက်ပြီး အခမဲ့မက်ဆေ့ပေးပို့အသုံးပြုလို့ရတဲ့ Meta ကုမ္ပဏီပိုင်ဆိုင်မှုအောက်က ဆော့ဖ်ဝဲအမျိုးအစားဖြစ်ကာ အသုံးပြုသူ သန်းတစ်ထောင်ကျော်ရှိတယ်လို့ နည်းပညာမှတ်တမ်းတွေအရ သိရပါတယ်။
အဲဒီဆော့ဖ်ဝဲကို ၂၀၀၉ ခုနှစ်မှာ စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး အသုံးပြုသူတွေရဲ့ လုံခြုံရေးကို အဆင့်မြှင့်တင် အကာအကွယ်ပေးထားတယ်လို့ WhatsApp ဆော့ဖ်ဝဲရေးသားခဲ့သူတွေက ပြောဆိုထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
