ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ဦးမင်းကိုနိုင် ရွေးချယ်ချီးမြှင့်ခံရ

Author CJ Platform
Categories
Published on May 23, 2026

မြန်မာနိုင်ငံအတွင်း ပရဟိတ၊ လူမှုရေး၊ ပညာရေးနဲ့ နိုင်ငံရေးကဏ္ဍတွေမှာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ပြည်သူလူထုအကျိုးပြုလုပ်ငန်းတွေကို တစိုက်မတ်မတ် လုပ်ဆောင်နေသူတွေကို ဂုဏ်ပြုပေးအပ်တဲ့ ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) ရဲ့ ၂၀၂၆ ခုနှစ်အတွက် ဦးမင်းကိုနိုင်ကို ရွေးချယ်ချီးမြှင့်လိုက်တယ်လို့ သိရပါတယ်။

 

ဒီကနေ့ ​မေ ၂၃ ရက်မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင် (Chiang Mai) မြို့မှာ ကျင်းပပြုလုပ်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ယခုနှစ်အတွက် ဆုရှင်အဖြစ် ဦးမင်းကိုနိုင်ကို ရွေးချယ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

 

ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ ပြည်ပရောက်မြန်မာမိသားစုတွေနဲ့ အဝေးရောက်မြန်မာတွေ စုစည်းဖွဲ့စည်းထားတဲ့ Citizen of Burma Award (COBA) က ချီးမြှင့်တာဖြစ်ပြီး အဖွဲ့ကို ၂၀၁၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

 

ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ အဆိုအရ ဦးမင်းကိုနိုင်ဟာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးလူထုအရေးတော်ပုံကာလမှစတင်ကာ ဒီကနေ့ နွေဦးတော်လှန်ရေးအထိ ပြည်သူလူထုဘက်မှ အမြဲတစေ ပြတ်သားစွာ ရပ်တည်ခဲ့သလို ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ရှေ့တန်းကနေ ဦးဆောင်ပါဝင်ခဲ့တာကြောင့် အခုလို ဂုဏ်ပြုရွေးချယ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

ဦးမင်းကိုနိုင်ဟာ တောင်ကိုရီးယားနိုင်ငံကပေးတဲ့  ဂွမ်ဂျူးလူ့အခွင့်အရေးဆု ၊ ချက်သမ္မတနိုင်ငံ People in Need ဖောင်ဒေးရှင်းကပေးတဲ့ Homo Homini ဆု၊ ကနေဒါနိုင်ငံကပေးတဲ့ ဂျွန်ဟမ်ဖရီ လွတ်မြောက်ရေး ဆု ၊ နော်ဝေးနိုင်ငံကပေးတဲ့  ကျောင်းသားငြိမ်းချမ်းရေးဆု (Student Peace Prize)၊ အမေရိကန်နိုင်ငံTrain ဖောင်ဒေးရှင်းမှ လူမှုရဲစွမ်းသတ္တိဆု (Civil Courage Prize)၊အပါအဝင် နိုင်ငံတကာဆုများစွာ ရရှိထားသူ ဖြစ်ပါတယ်။