ရန်ကုန်တိုင်းတွင် ၅ လအတွင်း ခါးပိုက်နှိုက် ၁၇၄ ယောက် ဖမ်းမိ ပြည်သူတွေမှာ YBS မစီးရဲသလောက်ဖြစ်နေ
ရန်ကုန်တိုင်းတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၂၂ ရက်အတွင်း YBS ကားတွေပေါ်မှာ ခါးပိုက်နှိုက်ကျူးလွန်သူ ၁၇၄ ယောက် ဖမ်းမိကြောင်း စစ်အုပ်စုလက်အောက်ခံ တိုင်းရဲတပ်ဖွဲ့က မေ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
၅ လအတွင်း ရန်ကုန်မြို့ရှိ YBS ယာဉ်လိုင်းများနဲ့ Bus ကားမှတ်တိုင်တွေမှာ ခါးပိုက်နှိုက်နေတဲ့ အမျိုးသား ၁၅၃ ယောက်နဲ့ အမျိုးသမီး ၂၁ ယောက် စုစုပေါင်း ၁၇၄ ဦးကို ဖမ်းမိခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးရမိသူတွေဆီက သက်သေခံ လက်ကိုင်ဖုန်း ၂၂၆ လုံးနဲ့ ငွေကျပ် ၈,၀၈၃,၆၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အမှုပေါင်း ၂၀၅ မှုနဲ့ မြို့နယ်ရဲစခန်းအသီးသီးမှာ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စမ်းချောင်းမြို့ခံတစ်ဦးက “အဲဒီလောက်ထိသာ ဖမ်းမိတာ။ နေ့စဉ် မြေနီကုန်းနဲ့ လှည်းတန်းမှတ်တိုင် အခုချိန်ထိ ဖုန်းတွေက အနှိုက်ခံနေရတုန်းပဲ။ တစ်ခါတစ်လေ ကားမှတ်တိုင်မှာ ဖုန်းလုပြေးတာတောင် ရှိတယ်” လို့ ပြောပါတယ်။
မေလ ၁၉ ရက်က လှိုင်မြို့နယ် သံလမ်းမှတ်တိုင်အနီးမှာ YBS ကားစောင့်နေတဲ့ လူငယ်တစ်ဦးကို အမျိုးသား ၅ ယောက်က ဓားနဲ့ထောက်ကာ ဖုန်းနဲ့ ပိုက်ဆံအိတ် လုခဲ့တယ်လို့ လှိုင်မြို့နယ်နေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ကားမှတ်တိုင်တွေမှာ YBS စောင့်ရင် သတိထားရတယ်။ ခါးပိုက်နှိုက်တင်မဟုတ်ဘူး၊ အုပ်စုဖွဲ့လုတဲ့သူတွေလည်း ရှိတယ်။ ၁၉ ရက်က သံလမ်းမှတ်တိုင်မှာ ကျွန်တော့်တူလေး လူ ၅ ယောက်က ဓားနဲ့ထောက်ပြီး ဖုန်းနဲ့ ပိုက်ဆံအိတ် လုသွားတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ခါးပိုက်နှိုက်တွေကို ပုဒ်မအရ အရေးမယူဘဲ ခြေချုပ်ခံဝန်နဲ့ ပြန်လွှတ်ပါက ခါးပိုက်နှိုက် သံသရာလည်နေမှာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ခါးပိုက်နှိုက်မိရင် ပုဒ်မ ၃၇၉ နဲ့ အမှုဖွင့်ရမှာ။ တချို့ရဲတွေကျတော့ အဲဒီလို အမှုမဖွင့်ဘဲ ခြေချုပ်ခံဝန် လုပ်လိုက်တယ်။ ခြေချုပ်ခံဝန်ဆိုတာ ရဲစခန်းမှာ ၁၄ ရက်တစ်ခါ လက်မှတ်သွားထိုးရတာ။ အဲဒီလိုလုပ်လိုက်တော့ ခါးပိုက်နှိုက်တွေက ခံဝန်ထိုးလိုက် ခါးပိုက်ဆက်နှိုက်လိုက် ဖြစ်တာ” လို့ သုံးသပ်ပြောဆိုပါတယ်။
ခါးပိုက်နှိုက် ၁၇၄ ယောက် ဖမ်းမိပြီးနောက် ရန်ကုန်တိုင်းအတွင်းမှာ ရက် ၁၀၀ စီမံချက်အနေဖြင့် မှုခင်းကျဆင်းရေးနဲ့ ဒုစရိုက်မှုများကင်းစင်ရေးအတွက် ခရိုင်များအလိုက် ပူးပေါင်းလုပ်ဆောင်နေတယ်လို့ စစ်အုပ်စုလက်အောက်ခံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဓာတ်ပုံ – Pro / SAC
