ကလေးမြို့မှာ တစ်ရပ်ကွက်ကို လူ ၅၀ စီ စစ်မှုထမ်းဖို့ စုဆောင်းနေပြီး နိုင်ငံခြားရောက်သူတွေကိုပါ ပြန်ခေါ်ခိုင်းနေ
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်အုပ်စုက စစ်သားလူသစ် စုဆောင်းဖို့ တစ်ရပ်ကွက်ကို လူဦးရေ ၅၀ စီ ခေါ်ယူနေပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ရှိသူတွေကို စုဆောင်းနေတာကြောင့် လူငယ်တွေ စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ခုလို စစ်မှုထမ်းဖို့ လူသစ် စုဆောင်းရာမှာ သတ်မှတ် အသက်အရွယ်အတွင်း ရှိသူတွေကို ခေါ်ယူနေတဲ့အပြင် နိုင်ငံခြားဆီ အလုပ်သွားလုပ်နေသူတွေ ရှိရင်လည်း ပြန်လည် ခေါ်ယူဖို့ ပြောဆိုထားတယ်လို့ သိရတာပါ။
ကလေးမြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက သူမရဲ့သားဟာ နိုင်ငံခြားဆီ အလုပ်သွားလုပ်တာ သိပ်မကြာသေးဘဲ သွားလာစရိတ်အတွက် ကုန်ကျထားတဲ့ ငွေတွေကိုတောင် မကြေသေးတဲ့ အချိန်မှာ အခုလို စစ်မှုထမ်းဖို့ ပြန်လည် ခေါ်ယူခံနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်မက အမေတစ်ခု သားတစ်ခုပဲဆိုတော့ လုပ်စားရတာက ပိုခက်တယ်။ သားက နိုင်ငံခြား ထွက်သွားတာ သိပ်တောင် မကြာသေးဘူး။ သူသွားတဲ့ လမ်းစရိတ်ဖိုးတောင် မကြေသေးဘူး။ အခုကျတော့ စစ်မှုထမ်းဖို့ဆိုပြီး ပြန်ခေါ်ခိုင်းနေတယ်” လို့ အဆိုပါ အမျိုးသမီးက CJ Platform ကို ပြောပြပါတယ်။
သူမအနေနဲ့ သားကို ပြန်မခေါ်နိုင်ကြောင်း ပြောဆိုခဲ့ရာမှာ သားအစား အခြားသူ တစ်ဦးကို အငှားခေါ်ယူပြီး စစ်မှုထမ်းအဖြစ် ထည့်ပေးရမယ်လို့ ပြန်လည် ပြောဆိုခံရတယ်လို့ ဆိုထားတာပါ။
“ကျွန်မက မခေါ်နိုင်ဘူးလို့ ပြောတော့ တကယ်လို့ မခေါ်နိုင်ဘူးဆိုရင် ကျွန်မသားအစား တစ်ယောက်ယောက်ကို အငှားခေါ်ပြီး ထည့်ရမယ်တဲ့။ မထည့်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲဆိုတာကိုတော့ အခုထိ ဘာမှ မပြောပြသေးဘူး” လို့ သူမက ဆက်ပြောပြပါတယ်။
ခုလို သားအစား အခြားသူ တစ်ဦးကို အငှားခေါ်ယူရမယ့် အခြေအနေမှာလည်း စစ်မှုထမ်းဖို့ လိုက်ပါလိုတဲ့သူ ရှိ၊ မရှိနဲ့ အငှားခေါ်ယူရမယ်ဆိုရင် ကုန်ကျမယ့် ငွေပမာဏ ဘယ်လောက်ရှိမလဲ ဆိုတာကို မသိရှိသေးတာကြောင့် ပိုမို စိုးရိမ်နေရတယ်လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။
“ကျွန်မက အငှားခေါ်တော့ရော လိုက်ချင်တဲ့သူ ရှိပါ့မလား။ ရှိပြန်ရင်လည်း သူတို့ ပိုက်ဆံ ပေးရမယ့်ဟာက ဘယ်လောက်တောင် ရှိမလဲ မစဉ်းစားနိုင်ဘူး” လို့ ကလေးမြို့ခံ အဆိုပါ အမျိုးသမီးက CJ Platform ကို ပြောပြပါတယ်။
ခုလို သားအစား အခြားသူ တစ်ဦးကို အငှားခေါ်ယူပြီး စစ်မှုထမ်းအဖြစ် ထည့်သွင်းပေးရမယ့် အခြေအနေဟာ ဝင်ငွေနည်းပါးတဲ့ မိသားစုတွေအတွက် ငွေကြေးပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒါ့ပြင် နိုင်ငံခြားဆီ အလုပ်သွားလုပ်နေသူတွေကိုပါ ပြန်လည် ခေါ်ယူနေတဲ့အတွက် မိသားစု စားဝတ်နေရေးအတွက် နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေသူတွေရဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေအပေါ်လည်း ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ သိရတာပါ။
ခုလို စစ်မှုထမ်းဖို့ လူသစ် စုဆောင်းရာမှာ နိုင်ငံခြား ရောက်ရှိနေသူတွေကိုပါ ပြန်လည် ခေါ်ယူနေတဲ့အပြင် မိသားစုဝင်အစား အခြားသူ တစ်ဦးကို အငှားခေါ်ယူဖို့ ပြောဆိုခံနေရတာကြောင့် ဝင်ငွေနည်းပါးတဲ့ မိသားစုတွေအနေနဲ့ စားဝတ်နေရေးနဲ့ ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲတွေ ပိုမို ကြုံတွေ့လာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
CJ 004
