ခင်ဦးမှာ စစ်အုပ်စုက ဗုံးကြဲလို့ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

Author CJ Platform
Categories
Published on Jul 31, 2026

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်အုပ်စုတပ်က လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး မနေ့ ဇူလိုင်လ ၃၀ ရက်နေ့ကလည်း ထနောင်းကိုင်းလေးကျေးရွာကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

 

ဇူလိုင် ၃၀ ရက် ညနေ ၃ နာရီဝန်းကျင်ခန့်က စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ခင်ဦးမြို့နယ်၊ ထနောင်းကိုင်းလေးကျေးရွာရှိ ယာတောအတွင်းဆီ လေကြောင်းကနေ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ယာတောအတွင်း ရှိနေတဲ့ အသက် ၄၅ နှစ်အရွယ် ဒေသခံ ဦးမောင်မောင် ဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရပြီး အသက် ၅၀ အရွယ် ဒေါ်ဌေးရွှေ ကတော့ ဝမ်းဗိုက်မှာ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ (မစိုးရိမ်ရ) သိရပါတယ်။ ဒါ့အပြင် နွား ၃ ကောင်လည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

 

ခင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေဟာ စစ်အုပ်စုရဲ့ မြေပြင် စစ်ကြောင်းထိုးမှုတွေအပြင် လေကြောင်းကနေလည်း မကြာခဏ လာရောက်ဗုံးကြဲ တိုက်ခိုက်တာတွေကို ရင်ဆိုင်နေရတာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကလည်း ခင်ဦးမြို့နယ်က မုံလှကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးဟာ ထွက်ပြေးတိမ်းရှောင်ဖို့ အချိန်မရဘဲ သူရဲ့ နေအိမ်အတွင်းမှာတင် မီးလောင်သေဆုံးခဲ့ရပြီး တခြားဒေသခံ ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

 

အခုလို စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ခင်ဦးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ဒေသခံ ၂ ဦး သေဆုံးခဲ့ရပြီး ၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

 

စစ်အုပ်စုက အခုလို တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေနဲ့ အရပ်သားပြည်သူတွေ စုဝေးရာနေရာတွေကိုပါ လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေဟာ လယ်ယာလုပ်ငန်းခွင်တွေဆီ သွားရောက်လုပ်ကိုင်ဖို့အတွက်ပါ စိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့