NUG လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုး ရာထူးကနေ နုတ်ထွက်

Author CJ Platform
Categories
Published on Jul 31, 2026

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး ဟာ တာဝန်ရာထူးကနေ နုတ်ထွက်လိုက်ကြောင်း ဒီကနေ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

ဦးအောင်ကျော်မိုးဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သူ့ရဲ့ professional အလုပ်အကိုင်ကို စွန့်လွှတ်ကာ မြန်မာပြည်ရဲ့ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်ပါတယ်။ NUG အစိုးရအဖွဲ့မှာ အကြံပေးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးသော ရိုဟင်ဂျာတစ်ဦးကနေ ဝန်ကြီးအဆင့် တာဝန်ထမ်းဆောင်သူအဖြစ် ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒီကနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်က စတင်ကာ ဒုတိယဝန်ကြီး ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း အသိပေးထားပါတယ်။

 

အခုလို နုတ်ထွက်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ NUG သို့မဟုတ် ခေါင်းဆောင်တွေနဲ့ သဘောထားကွဲလွဲမှု၊ ပဋိပက္ခ သို့မဟုတ် မူဝါဒအရ သဘောမတူညီမှုတွေကြောင့် မဟုတ်ဘဲ ရိုဟင်ဂျာပြည်သူတွေရဲ့ အမျိုးသားအခွင့်အရေး၊ နိုင်ငံရေးကိုယ်စားပြုမှု၊ လူ့ဂုဏ်သိက္ခာနဲ့ ရေရှည်အကျိုးစီးပွားတွေကို ပိုမိုထိရောက်စွာ မြှင့်တင်ဆောင်ရွက်နိုင်ဖို့အတွက် သူ့ရဲ့ အချိန်နဲ့ အားထုတ်မှုတွေကို အပြည့်အဝ အာရုံစိုက်ဖို့ ပြုလုပ်ခဲ့တဲ့ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်တစ်ရပ်သာ ဖြစ်ကြောင်းကိုလည်း ရေးသားထားပါတယ်။

 

“မြန်မာပြည်ရဲ့ အနာဂတ်ဟာ တန်းတူညီမျှမှု၊ တရားမျှတမှု၊ တရားဥပဒေစိုးမိုးရေးနဲ့ လူမျိုး၊ ဘာသာ၊ ကိုယ်ပိုင်အမှတ်သညာ မရွေး လူတိုင်းရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို လေးစားတဲ့ အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မှသာ လုံခြုံခိုင်မာမယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်” လလို့ ဦးအောင်ကျော်မိုး က ဆိုထားပါတယ်။

 

ရိုဟင်ဂျာပြည်သူတွေဟာ မြန်မာပြည်ရဲ့ လူမှုရေးနဲ့ နိုင်ငံရေးဖွဲ့စည်းပုံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပြီး သူတို့ရဲ့ နိုင်ငံသားအခွင့်အရေး၊ ဂုဏ်သိက္ခာ၊ လုံခြုံရေးနဲ့ နိုင်ငံရေးပါဝင်ခွင့်တွေကို အာမခံပေးရမှာ ဖြစ်ကြောင်းလည်း ထောက်ပြထားပါတယ်။

 

နုတ်ထွက်ပြီးနောက် ရိုဟင်ဂျာ နိုင်ငံရေးခေါင်းဆောင်မှု အားကောင်းရေး၊ ရိုဟင်ဂျာအသိုက်အဝန်းအတွင်း စည်းလုံးညီညွတ်မှု တိုးတက်ရေး၊ မြန်မာပြည်မှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရေး၊ ဒါ့အပြင် တရားမျှတမှု၊ တာဝန်ခံမှုနဲ့ ရိုဟင်ဂျာအရေး ရေရှည်ဖြေရှင်းနိုင်ရေးအတွက် ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့သွားမယ်လို့ ဆိုထားပါတယ်။

 

ဒါ့အပြင် ဘုံရည်မှန်းချက်တွေ ကိုက်ညီတဲ့ မည်သည့်နေရာမှာမဆို NUG အစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုက်အဝန်းတို့နဲ့ အနီးကပ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိကြောင်းလည်း ဦးအောင်ကျော်မိုး က ထပ်လောင်း အတည်ပြုပြောကြားထားပါတယ်။

 

ဓာတ်ပုံ – ဦးအောင်ကျော်မိုး Facebook