ကျောက်တန်းမှာ YBS ဘရိတ်ပေါက်ပြီး လမ်းတလျှောက် တွေ့သမျှ ဝင်တိုက်ရာကနေ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိ
ရန်ကုန်မြို့ကနေ သန်လျင်မြို့ဘက်သို့ ပြေးဆွဲနေတဲ့ YBS ၁၂၉ ခရီးသည်တင် မော်တော်ယာဉ်တစ်စီးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန်တုန်းက ဘရိတ်ပေါက်ပြီး လမ်းတစ်လျှောက် ဝင်ရောက်တိုက်မိခဲ့တာကြောင့် ယာဉ်မောင်းဖြစ်သူ အပါအဝင် စုစုပေါင်း ပြည်သူ ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။
မနေ့နံနက် ၉ နာရီဝန်းကျင်အချိန်ခန့်က YBS ၁၂၉ ခရီးသည်တင်ယာဉ်ဟာ ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့၊ အနောက်ပိုင်းရပ်ကွက်အတွင်းရှိ မင်းကျောင်းလမ်းမကြီး၊ ၉၉၉ မီးပွိုင့်အကျော်မှာ ဘရိတ်ပေါက်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး ဘရိတ်ပေါက်ပြီးနောက် လမ်းပေါ်မှာရှိနေတဲ့ အိမ်စီးမော်တော်ကားတွေ၊ ဘေးတွဲဆိုင်ကယ်တွေ၊ စက်ဘီးတွေနဲ့ မော်တော်ဆိုင်ကယ်တွေကို ဆက်တိုက်ဝင်ရောက်တိုက်မိခဲ့တာကြောင့် ယာဉ်မောင်းအပါအဝင် အမျိုးသားနဲ့ အမျိုးသမီး စုစုပေါင်း ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်တယ်လို့ ဒေသခံပြည်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“YBS ၁၂၉ ယာဉ်က ဘရိတ်ပေါက်ပြီးတော့ လမ်းတစ်လျှောက်မှာရှိတဲ့ အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေ၊ ဘေးတွဲတွေနဲ့ စက်ဘီးတွေကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်မိတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ လမ်းဘေးက ဓာတ်တိုင်ကိုပါ ထပ်မံဝင်တိုက်မိပြီးမှ ကားရပ်သွားတာပါ။ ဒီဖြစ်စဉ်ကြောင့် YBS ယာဉ်မောင်းအပါအဝင် စုစုပေါင်း ၁၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်” လို့ သူက ပြောပြပါတယ်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတဲ့ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁၀ ဦးတို့ကို ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံနဲ့ သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွေဆီသို့ အရေးပေါ် ကူညီပို့ဆောင်ပေးခဲ့ကြပြီး ဆေးကုသမှုတွေ ခံယူစေနေတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ဖြစ်စဉ်အတွင်း ယာဉ်ကို မဆင်မခြင်မောင်းနှင်ခဲ့တဲ့ YBS ၁၂၉ ယာဉ်မောင်း ဦးသိန်းကြည်ကို ကျောက်တန်းမြို့နယ် အမှတ် ၅၃ ယာဉ်ထိန်းတပ်ဖွဲ့စုကနေ (ပ) ၅ / ၂၀၂၆၊ ယာဉ်မဆင်မခြင်မောင်းနှင်မှု ပုဒ်မ ၂၇၉၊ လူနာကျင်စေမှု ပုဒ်မ ၃၃၇ နဲ့ ပြင်းထန်ဒဏ်ရာရစေမှု ပုဒ်မ ၃၃၈ တို့နဲ့ တရားဝင် အမှုဖွင့်လှစ်ကာ ဥပဒေအရ နောက်ဆက်တွဲ အရေးယူဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန်တုန်းကလည်း ကျောက်တန်းမြို့၊ အေးမြသီတာရပ်ကွက်အတွင်းရှိ သီလဝါဆိပ်ကမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ယာဉ်မတော်တဆမှု ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့ဖူးပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
