အချိုးအစားမမှန်သည့် ဗိုလ်ချုပ်ရုပ်တုတွေကို ဖယ်ရှားတာဖြစ်တယ်လို့ မှောင်ရိပ်ခိုပြီး ဗိုလ်ချုပ်ရုပ်တု ဖျက်ဆီးနေတဲ့ စစ်အုပ်စုက သတင်းထုတ်ပြန်
ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေကို ဖယ်ရှားဖျက်ဆီးတာမဟုတ်ဘဲ အချိုးအစားမမှန်တဲ့ ရုပ်တုတွေကိုသာ ဥပဒေနှင့်အညီ ပြန်လည်စိစစ်ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြည်သူကို အသိပေးတာမရှိဘဲ မှောင်ရိပ်ခိုကာ ဗိုလ်ချုပ်ရုပ်တုတွေကို လိုက်လံဖျက်ဆီးနေတဲ့ စစ်အုပ်စုရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုး က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှာ စစ်အုပ်စုခန့် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုး က သူအသုံးပြုနေတဲ့ တယ်လီဂရမ် (Telegram) လူမှုကွန်ရက်စာမျက်နှာအကောင့်မှာ အခုကိစ္စနှင့်ပတ်သက်ပြီး ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။
“ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ အလွန်အရေးပါတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်ရဲ့ အထိမ်းအမှတ်ရုပ်ထုတွေကို ဂုဏ်သိက္ခာနဲ့ လျော်ညီစွာ ထားရှိနိုင်ရေး၊ နောင်လာနောက်သားတွေကလည်း သမိုင်းတန်ဖိုးနဲ့ အစဉ်အလာကို မှန်မှန်ကန်ကန် လေ့လာထိန်းသိမ်းနိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ဒီကနေ့အထိ မြို့နယ်ပေါင်း ၁၀၀ ကျော်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများကို လိုက်လံစိစစ်ခဲ့ရာမှာ အချို့ရုပ်ထုတွေရဲ့ အချိုးအစား၊ ပုံသဏ္ဌာန်နဲ့ အနုပညာလက်ရာ ဖော်ပြမှုအချို့ဟာ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ အနေအထားမျိုးတွေကို တွေ့ရှိခဲ့ရတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။
စစ်အုပ်စု အနေနဲ့ အခုလိုမျိုး လိုက်လံလုပ်ဆောင်နေတာဟာ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်ကို ပြည်သူလူထုနှင့် နိုင်ငံရေးအမြင်အကြား အတူယှဉ်တွဲမနေစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဗိုလ်ချုပ်ရုပ်ထုကို တွေ့ရင် ပြည်သူတွေက အမေစုကိုပါ ဆက်စပ်သတိရမယ်။ အမေစုကို သတိရရင် အာဏာသိမ်းစစ်တပ်ရဲ့ မတရားလုပ်ရပ်တွေကို ပြည်သူတွေက အမြဲအမှတ်ရနေမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး အစဉ်အမြဲ သတိရအမှတ်ရနေမှာကို စိုးရိမ်တာကြောင့် ဗိုလ်ချုပ်ပုံရိပ်ကို လူမြင်ကွင်းကနေ နည်းမျိုးစုံနဲ့ ဖျောက်ပစ်ဖို့ ကြိုးစားနေတာပါ” လို့ သူက ပြောပြပါတယ်။
ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က “မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံလွှာနဲ့ ရုပ်ထုတွေကို ဖြိုချဖျက်ဆီးနေသူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမယ်” လို့ သဘောထားထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
