စစ်တပ်အကြိုက် ဝါဒဖြန့်စာပေတွေ ရေးသားခဲ့သူ စာရေးဆရာမ ဒေါက်တာမတင်ဝင်း ကွယ်လွန်
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားစာပေ တစ်သက်တာဆု ရရှိခဲ့တဲ့ စာရေးဆရာမ ဒေါက်တာမတင်ဝင်း ဟာ ဒီကနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက မင်္ဂလာဒုံ ခုတင် (၁၀၀၀) ဆံ့ စစ်ဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ စာနယ်ဇင်းလောကသားတွေဆီကနေ သိရပါတယ်။
ဒီကနေ့ နံနက် ၇ နာရီဝန်းကျင်အချိန်က မင်္ဂလာဒုံ စစ်ဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး၊ လာမယ့် ဇူလိုင်လ ၁၂ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် မင်္ဂလာဒုံစစ်ဆေးရုံ ငြိမ်းအေးဇရပ်မှတစ်ဆင့် မင်္ဂလာဒုံ စစ်သင်္ချိုင်းသို့ ပို့ဆောင်ကာ သင်္ဂြိုဟ်သွားမှာ ဖြစ်တယ်လို့ စာရေးဆရာတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဆရာမကြီးက အသက် ၈၆ နှစ် ရှိပြီဆိုတော့ လူကြီးရောဂါကြောင့်ပါပဲ။ စစ်ဆေးရုံမှာ ကွယ်လွန်တာဆိုတော့ မင်္ဂလာဒုံ စစ်သင်္ချိုင်းမှာပဲ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။ သင်္ဂြိုဟ်ပြီးရင် အရိုးပြာကိုတော့ ဆရာမကြီးရဲ့ မွေးရပ်မြေဖြစ်တဲ့ ဆင်ဖြူကျွန်းဘက်မှာ ဂူသွင်းမယ်လို့ ကြားသိရတယ်” လို့ သူက ပြောပြပါတယ်။
ဆရာမ ဒေါက်တာမတင်ဝင်း ကို လွန်ခဲ့တဲ့ ၁၉၄၀ ပြည့်နှစ်မှာ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့၌ ဖခင် ဦးဘဌေး၊ မိခင် ဒေါ်ရင်ရင် တို့ကနေ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အမည်ရင်းမှာ မတင်ဝင်း ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရေနံချောင်းမြို့မှာ အောင်မြင်ခဲ့တာပါ။
လွန်ခဲ့သည့် ၁၉၅၈ ခုနှစ်တွင် မကွေးဥပစာကောလိပ် ကနေ ဥပစာတန်း အောင်မြင်ခဲ့ပြီး၊ ၁၉၆၁ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့ (B.A) ရရှိခဲ့ကာ ဆိုဗီယက်ပြည်ထောင်စုသို့လည်း ပညာတော်သင် သွားရောက်ခဲ့သူ ဖြစ်ပါတယ်။
အဲဒီနောက် ၁၉၆၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ ပညာရေးမဟာဌာနကနေ ပညာရေးမဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ကာ ၁၉၇၀ ပြည့်နှစ်မှာတော့ ရန်ကုန်တက္ကသိုလ်၊ ပညာရေးမဟာဌာနကနေ စာပြနည်းပညာရပ်ဖြင့် ပါရဂူဘွဲ့ (Ph.D) ကို ထပ်မံရရှိခဲ့တာ ဖြစ်ပါတယ်။
၁၉၈၄ ခုနှစ်မှာ “သောင်းပြောင်းထွေလာမဂ္ဂဇင်း” ကနေတစ်ဆင့် စာပေနယ်ပယ်အတွင်းသို့ စတင်ဝင်ရောက်လာခဲ့တဲ့ ဒေါက်တာမတင်ဝင်း ဟာ ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ကာလအတွင်းမှာ အမျိုးသားစာပေဆု ၄ ဆုအထိ ဆွတ်ခူးရရှိခဲ့ဖူးပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒေါက်တာမတင်ဝင်း အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာဆု နဲ့ အလင်္ကာကျော်စွာဘွဲ့၊ ၂၀၂၂ ခုနှစ်တွင် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဆု နဲ့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာတော့ စည်သူဘွဲ့ တို့ကို စစ်အုပ်စုထံကနေ အဆင့်ဆင့် လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ကလည်း စစ်တပ်အတွက် ဝါဒဖြန့်စာပေများ ရေးသားခဲ့တဲ့ စာရေးဆရာ တက္ကသိုလ်မြတ်သူ ကွယ်လွန်ခဲ့သလို၊ ဇွန်လ ၁၉ ရက်နေ့ကလည်း စစ်တပ်ဝါဒဖြန့် စာရေးဆရာတစ်ဦးဖြစ်တဲ့ မင်းခိုက်စိုးစန် ကွယ်လွန်သွားခဲ့တဲ့ ဖြစ်စဉ်များ ရှိခဲ့ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
