သေနတ်ခိုးမှုစွပ်စွဲချက်နဲ့ တန့်ဆည်က စစ်ဘေးရှောင်တစ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရမှု ၂ လကျော်ကြာသည်အထိ တရားမျှတမှုမရသေး

Author CJ Platform
Categories
Published on Jul 10, 2026

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ သေနတ်ခိုးယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့က ဖမ်းဆီးခြင်းခံခဲ့ရတဲ့ စစ်ဘေးရှောင်အမျိုးသားတစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေထံ တိုင်တန်းထားသော်လည်း ၂ လကျော်ကြာတဲ့အထိ တစ်စုံတစ်ရာ စစ်ဆေးဖော်ထုတ်ပေးခြင်း မရှိသေးဘူးလို့ ကျန်ရစ်သူမိသားစုတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

 

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က တန့်ဆည်မြို့နယ်၊ ခပေါင်းကြိုင်ကျေးရွာမှာ ဒေသအခေါ် ကိုမော်ကြီး LOCAL PDF အဖွဲ့မှ တပ်ဖွဲ့ဝင် ၅ ဦး ကင်းစောင့်နေစဉ်အတွင်း သေနတ်ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ 

 

အဆိုပါ ပျောက်ဆုံးမှုနဲ့ ဆက်စပ်ပြီး ကင်းစောင့်သူတွေကို စတင်ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် သုံးရက်မြောက်နေ့ဖြစ်တဲ့ ဧပြီ ၂၆ ရက် မှာ ကင်းစောင့်သူတွေထဲက ရဲဘော်တစ်ဦးရဲ့ ယောက္ခမဖြစ်သူ ရွှေကတော်ရွာကနေ ခပေါင်းကြိုင်ရွာသို့ စစ်ဘေးရှောင်လာတဲ့ ဦးမွတ်တား (ခ) ဦးမော်တားနဲ့ မိသားစုဝင်တွေကို ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံ ဦးဝင်းကျော်နဲ့ ကိုမော်ကြီး LOCAL PDF အဖွဲ့က သံသယနဲ့ ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

“အဲဒီဖြစ်စဉ်က တိုင်ကြားမှုရေးရာ ကော်မတီကိုလည်း တိုင်ကြားထားတာ ဘာအကြောင်းမှ ပြန်မလာဘူးဗျာ။ မြေပြင်မှာ လာရောက်စစ်ဆေးခြင်းလည်း မရှိဘူး ဖြစ်နေတာ” ဟု မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိအချိန်အထိ တရားမျှတမှု မရရှိသေးကြောင်း CJ Platform ကို ပြောပါတယ်။

 

ပျောက်ဆုံးသွားတဲ့ သေနတ်ဟာ သေဆုံးခဲ့ရသူ ဦးမွတ်တားရဲ့ သားမက်ဖြစ်သူရဲ့ သေနတ်မဟုတ်ဘဲ အခြားရဲဘော်တစ်ဦးရဲ့ လက်နက်ဖြစ်ပေမဲ့လည်း သေနတ်ပျောက်ဆုံးမှု သံသယအကြောင်းပြချက်နဲ့ မိစုစုဝင်အားလုံးကို ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် ဧပြီလ ၂၇ ရက် ညနေပိုင်းမှာ “စစ်ဆေးစရာရှိတယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဦးမော်တားတစ်ဦးတည်းကို တောတွင်းတစ်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

 

ထို့နောက် ဧပြီလ ၂၉ ရက်နေ့မှာ ဦးမော်တား သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုထံ အကြောင်းကြားလာပြီး၊ ည ၉ နာရီခွဲခန့်မှာ အပုပ်နံ့များ ပြင်းထန်စွာ ထွက်နေပြီဖြစ်တဲ့ ရုပ်အလောင်းကိုသာ မိသားစုတွေဆီသို့ ပြန်လည်ပေးအပ်ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ဖြစ်စဉ်ကိုသိရှိသူ ဒေသခံ သုံးဦးက ပြောပါတယ်။

 

သေဆုံးမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေဘက်က ဦးမွတ်တား ဟာ နေမကောင်းတာကြောင့် ဆလိုင်း (ဆေးရည်) ချိတ်ရင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တွေကို အသိပေးခဲ့တယ်လို့ သိရသော်လည်း၊ မိသားစုဝင်တွေဘက်ကမူ ၎င်းမှာ ကြီးကြီးမားမား ကျန်းမာရေးအခြေအနေ ဆိုးရွားတာမျိုး လုံးဝမရှိခဲ့ဘူးလို့ ဆိုပါတယ်။

 

“စွပ်စွဲဖမ်းဆီးတော့ စိတ်ထိခိုက်ပြီး သွေးတိုးတာတွေနဲ့ ဗိုက်နာတာမျိုးပဲ ရှိခဲ့တာ။ ဒါလည်း ရွာက ဆေးဆရာနဲ့ပြပြီး ဆေးသောက်တော့ သက်သာနေပြီ။ အခုသေတာက နေမကောင်းလို့ ဆလိုင်းချိတ်ရင်း သေတာလို့ အကြောင်းကြားလာတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု သေဆုံးသူရဲ့ ဇနီးက CJ Platform ကို ရင်ဖွင့်ပြောဆိုပါတယ်။

 

ဒါ့အပြင် သေဆုံးသွားတဲ့ အကြောင်းအရင်းကို ရှာဖွေရန်ဟုဆိုကာ တန့်ဆည်မြို့နယ်၊ မြောက်ရွာရှည်ဆေးရုံမှာ မိသားစုဝင်တွေရဲ့ ခွင့်ပြုချက် သို့မဟုတ် ကြိုတင်အသိပေးခြင်း မရှိဘဲ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ မိသားစုဝင်တွေဘက်က အဆိုပါ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ဆေးရုံကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တာဝန်ခံနဲ့ မြို့နယ်တရားရုံးတို့ရဲ့ ထောက်ခံစာနဲ့ စစ်ဆေးခဲ့ခြင်းဖြစ်တယ်လို့ ပြန်လည်အကြောင်းပြန်ခဲ့ပါတယ်။

 

မြေပြင်ကျန်းမာရေးဆရာမတစ်ဦးက “အမှန်တကယ် ဆေးရုံလုပ်ထုံးလုပ်နည်းဆိုရင် ဒီလိုမျိုးလူနာ ကာယကံရှင် (သို့မဟုတ်) မိသားစုက ကျေနပ်ခွင့်ပြုမှ ခွဲစိတ်စစ်ဆေးလို့ရတာ။ ကာယကံရှင် လက်မှတ်မပါဘဲ အခုလို ခွဲစိတ်စစ်ဆေးလို့မရဘူး။ ပြီးရင် ချုပ်ရိုးချုပ်သားတွေက သပ်သပ်ရပ်ရပ်ရှိရမှာ၊ အခုဟာတွေက ချုပ်ထားတာ ဖြစ်သလိုပုံစံမျိုးကြီး ချုပ်ထားတာ” လို့ CJ Platform ကို ဆေးရုံရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး သုံးသပ်ပြောဆိုခဲ့ပါတယ်။

 

မိသားစုနဲ့ နီးစပ်သူတွေကတော့ ရုပ်အလောင်းတွင် ဒဏ်ရာဒဏ်ချက်များ တွေ့ရှိရပြီး အနံ့များ ပြင်းထန်စွာ ထွက်နေခြင်းကြောင့် သူ့ကို ခေါ်ဆောင်သွားတဲ့နေ့ ကတည်းက သေဆုံးနေခဲ့တဲ့ အနေအထား ရှိနိုင်ကြောင်း သံသယဝင်နေကြတာ ဖြစ်ပါတယ်။

 

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ တုံ့ပြန်ချက်ကို သိရှိနိုင်ဖို့ CJ Platform က ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

 

တော်လှန်ရေးကာလအတွင်း စစ်ဘေးရှောင်ပြည်သူတစ်ဦးအပေါ် ခိုင်လုံသော အထောက်အထားမရှိဘဲ စွပ်စွဲဖမ်းဆီးကာ အသက်သေဆုံးခဲ့ရသည့်အပြင်၊ လုပ်ထုံးလုပ်နည်းမဲ့ ရင်ခွဲစစ်ဆေးခဲ့မှုများအပေါ် ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အဆင့်ဆင့်သော တာဝန်ရှိသူတွေအနေနဲ့ ထိရောက်စွာ စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး တရားမျှတမှု အမြန်ဆုံး ဖော်ထုတ်ပေးရန် ကျန်ရစ်သူမိသားစုဝင်တွေက ပြင်းထန်စွာ တောင်းဆိုနေကြပါတယ်။