စစ်တွေမှာ ဒေသခံတွေ ငါးဖမ်းခွင့်အတွက် စစ်အုပ်စုကို ငွေကြေးပေးဆောင်နေရ

Author CJ Platform
Categories
Published on Jun 16, 2026

ရခိုင်ပြည်၊ စစ်တွေမြို့မှာ ဒေသခံတွေ ငါးဖမ်းခွင့်ရရှိဖို့အတွက် စစ်အုပ်စုကို ပိုက်ဆံပေးနေရတယ်လို့ သိရပါတယ်။

 

စစ်တွေမှာ ဒေသခံတွေကို ငါးဖမ်းခွင့် ပိတ်ပင်ထားရာကနေ စစ်အုပ်စုက ငွေကြေးကောက်ခံပြီး ပြန်လည်ခွင့်ပြုလာတာဖြစ်တယ်လို့ ရေလုပ်သားတွေက CJ Platform ကို ပြောပါတယ်။

 

“ကမ်းခြေအနီးနဲ့ မြစ်နား၊ ချောင်းနားတစ်လျှောက်မှာပဲ ဖမ်းရတော့ ငါးရနည်းတယ်။ တစ်ခါတလေ နေဗီက သေနတ်နဲ့ လှမ်းပစ်တာလည်း ကြုံရတာရှိတယ်။ အဲဒီတော့ ပြန်ရောင်းတဲ့အခါလည်း ဈေးပိုယူနေရတယ်” လို့​ ရေလုပ်သား ဆိုပါတယ်။

 

စစ်တွေမှာရှိတဲ့ ရခိုင်လူမျိုး မဟုတ်သူ ရေလုပ်သားတွေကို တစ်ရက်ကို ငွေကျပ် ၁ သောင်းခွဲ တောင်းခံပြီး ပြန်လည်ငါးဖမ်းခွင့် ပေးထားပေမယ့်၊ ငါးဖမ်းရမယ့် နေရာတွေကိုတော့ စစ်အုပ်စုက ကန့်သတ်ထားတယ်လို့ ပြောပါတယ်။

 

ရခိုင်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက ရခိုင်လူမျိုး ရေလုပ်သားတွေကို ငါးဖမ်းခွင့်နဲ့ မြို့ပြင်ထွက်ခွင့်တွေ ပိတ်ပင်ထားခဲ့တာပါ။ ဒါပေမယ့် ရခိုင်လူမျိုးမဟုတ်သူ ရေလုပ်သားတွေကိုတော့ ခွင့်ပြုထားခဲ့ပါတယ်။ 

 

အဲဒီနောက် ၂၀၂၆ ခုနှစ် နှစ်စပိုင်း စစ်တွေမြို့အနီး တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာတော့ သူတို့ကိုပါ ထပ်မံပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

 

လုံခြုံရေးအခြေအနေနဲ့ တိုက်ပွဲတွေကြောင့် ငါးဖမ်းလှေတွေ ပင်လယ်ပြင်ထွက်ခွာခွင့်ကို စစ်အုပ်စုက တင်းကျပ်စွာ တားမြစ်ထားခဲ့တာပါ။ အခုလို ငါးဖမ်းခွင့် ပိတ်ပင်လိုက်တာကြောင့် စစ်တွေမှာ ငါးရှားပါးလာပြီး၊ ပြည်မကနေ တင်သွင်းတဲ့ အသားငါးဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

စစ်တွေမြို့က အမျိုးသမီးတစ်ဦးက “ငါးဆို ရှာမရဘူး။ ရန်ကုန်ဘက်ကဝင်တဲ့ ရေခဲရိုက်ငါးတောင် ၆ သောင်းခွဲ၊ ၇ သောင်း ဖြစ်နေတယ်။ အရင်ကဆို အဲလိုရေခဲစိမ်တွေ အမတို့ မစားဘူးလေ။ အခုတော့ ရေခဲစိမ်တောင် မစားနိုင်တဲ့ ဘဝဖြစ်နေရတယ်။ အခုတော့ ငါးတွေ ပြန်ရောင်းနေကြပြီ ဆိုပေမယ့်လည်း ဈေးက အနားတောင် မကပ်နိုင်ဘူး” လို့ ပြောပါတယ်။

 

လက်ရှိမှာတော့ ရေလုပ်သားတွေကို စစ်အုပ်စုက ငွေကြေးကောက်ခံပြီး ပြန်လည်ခွင့်ပြုလာတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသားငါး ပေါများလှတဲ့ ပင်လယ်ကမ်းခြေမြို့ စစ်တွေက အခြေခံလူတန်းစားတွေအတွက်တော့ ငါးဝယ်စားနိုင်ဖို့ဟာ အိမ်မက်တစ်ခုလို ဖြစ်နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

 

(ဓာတ်ပုံ – ပုံဟောင်း)