ဘားအံမှာ Tour အများစုက ဟိုတယ်ခန်းတွေ ကြိုတင်ချိတ်ဆက်ထားလို့ ကိုယ်ပိုင်ခရီးသွားသူတွေ တည်းခိုရေး ခက်ခဲနေ 

Author CJ Platform
Categories
Published on Jun 16, 2026

ကရင်ပြည်၊ ဘားအံမြို့ရှိ နာမည်ကြီးဟိုတယ်တွေနဲ့ တောင်ခြေဟိုတယ်တွေမှာ ခရီးသွားလုပ်ငန်း (Tour) ကုမ္ပဏီအများစုနဲ့ ချိတ်ဆက်ကာ အခန်းတွေကို ကြိုတင်ဘိုကင် (Booking) ပေးထားမှု များပြားနေတာကြောင့်၊ ကိုယ်ပိုင်အစီအစဉ်နဲ့ ခရီးသွားလိုသူတွေ အခန်းငှားရမ်းဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။

 

မိုးတွင်းရာသီကာလ ဘားအံမြို့သို့ လာရောက်လည်ပတ်ဖို့အတွက် လက်ရှိမှာ Tour ကုမ္ပဏီတချို့က ဟိုတယ်တွေနဲ့ အခန်းရရှိရန် ကြိုတင်ဘိုကင်တွေ ရယူထားခြင်းတို့ကြောင့်၊ ဘိုကင်စနစ်နဲ့ အခန်းငှားရမ်းလိုတဲ့ ကိုယ်ပိုင်အစီအစဉ်နဲ့ ခရီးသွားဧည့်သည်အများစုမှာ အခန်းမရရှိတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရခြင်း ဖြစ်ပါတယ်။

 

“Tour ကုမ္ပဏီအချို့က ဟိုတယ်တွေနဲ့ စာချုပ်ချုပ်ပြီး အခန်းတွေအကုန် ကြိုပိတ်ထားတော့ Walk-in နဲ့ ပုံမှန်ဘိုကင်သမားတွေ အခန်းငှားလို့ မရတော့ဘူး။ လိုင်စင်မဲ့ Tour တွေက ကြိုပိတ်ထားတဲ့ အခန်းတွေကို အွန်လိုင်းပေါ်မှာ နှစ်ဆနီးပါး ပြန်ရောင်းစားတယ်။ ၂ သိန်း ၈ သောင်းတန် အခန်းကို ၄ သိန်းခွဲဈေးပေးပြီး ဝယ်လိုက်ရတာတွေ ရှိတယ်။ ခရီးမလာခင်ကတည်းက ဧည့်သည်တွေ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ အခုဆို ဟိုတယ်ဘိုကင်က Black Market တစ်ခုလို ဖြစ်နေပြီ” လို့ ဒေသတွင်း ခရီးသွားဝန်ဆောင်မှု လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

 

အခုလို Tour အေဂျင်စီအချို့က ဟိုတယ်အခန်းတွေကို မတရားဈေးတင်ရောင်းချခြင်းနဲ့ အခန်းတွေ ကြိုတင်မှာယူထားခြင်းဟာ ရေရှည်မှာ ဘားအံမြို့ရဲ့ ခရီးသွားလုပ်ငန်းတွေကိုလည်း ထိခိုက်စေနိုင်ကြောင်း အဆိုပါ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူက ဖြည့်စွက်ပြောပါတယ်။

 

ဒါ့အပြင် လာရောက်လည်ပတ်မယ့်သူတွေအနေနဲ့ မိမိတို့ တည်းခိုလိုတဲ့ ဟိုတယ်တွေမှာ ‌ကြိုတင်ဘိုကင်ရရှိဖို့ ခက်ခဲနေတဲ့အပြင်၊ လာမယ့်လတွေအထိ ဘိုကင်တွေ ပြည့်နှက်နေပြီဖြစ်ကြောင်း ခရီးသွားဧည့်သည်တွေဆီက သိရပါတယ်။

 

ရန်ကုန်ကနေ လာရောက်လည်ပတ်သူ အမျိုးသမီးတစ်ဦးက “ဘားအံက ဟိုတယ်တော်တော်များများက ဒီတောင်ခြေဟိုတယ်တွေရော တခြားသော နာမည်ကြီးဟိုတယ်တွေရော Tour တွေနဲ့ ချိတ်ထားတာ များတယ်။ ကိုယ်တွေလို Tour‌ တွေနဲ့ မသွားတတ်တဲ့သူတွေအတွက်က ဒီဘားအံမှာ ဘိုကင်ချိတ်ရတာ တော်တော်တော့ အဆင်မပြေဘူး။ နောက်ပိုင်းကျရင် ဘားအံက Tour နဲ့သွားလို့ရတဲ့ နေရာမျိုးများ ဖြစ်တော့မလား မသိဘူး” လို့ ဆိုပါတယ်။

 

ထို့ကြောင့် ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့ Tour ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ဆိုရာမှာ တရားဝင်လိုင်စင်နဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို စိစစ်သင့်ကြောင်း၊ သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်ရောင်းချမှုတွေ မဖြစ်ပေါ်စေဖို့ စည်းမျဉ်းစည်းကမ်းတွေ ထည့်သွင်းဆောင်ရွက်သင့်တယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတချို့က သုံးသပ်ပြောဆိုကြပါတယ်။

 

ခရီးသွားဝင်ရောက်မှု များပြားလာတာကြောင့် မိုးရာသီကာလအတွင်း ဘားအံမြို့ရှိ ဟိုတယ်အများစုဟာ ကြိုတင်ဘိုကင်တွေ ပြည့်နေပြီး၊ လာရောက်လည်ပတ်သူအများစုဟာ လူငယ်ပိုင်းအသက်အရွယ်တွေဖြစ်ကာ ရန်ကုန်၊ မန္တလေးနဲ့ မွန်ပြည်နယ် စတဲ့ နယ်ဝေးကနေ လာရောက်သူတွေ ဖြစ်ကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

CJ 001