စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ဇီးကုန်းမှာ ကျောင်းပြင်ပရောက် စာမေးပွဲပြန်ဖြေသူ ၁၄ ဦးသာရှိ
ကျောင်းပြင်ပရောက် ကျောင်းသား၊ ကျောင်းသူတွေအတွက် အထူးအစီအစဉ်ဖြစ်တဲ့ Placement Test စာမေးပွဲကို စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ဇီးကုန်းမြို့မှာ ဝင်ရောက်ဖြေဆိုသူ ၁၄ ဦးသာ ရှိတယ်လို့ စစ်ရှောင်မိသားစုဝင်တွေဆီက သိရပါတယ်။
ဇွန်လ ၁၅ ရက်နေ့က အထက်တန်းကျောင်း (ဇီးကုန်း) မှာ ပြုလုပ်တဲ့ Placement Test စာမေးပွဲကို ၁ တန်းကနေ ၈ တန်းအထိ ဝင်ရောက်ဖြေဆိုသူ ၁၄ ယောက်သာ ရှိတယ်လို့ ကျောင်းသားမိဘတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဇီးကုန်းမှာ အခြားမြို့တွေလို ဖြေတဲ့သူ သိပ်မရှိဘူး။ ၁ တန်းကနေ ၈ တန်းအထိ ဖြေတဲ့သူ ၁၄ ဦးပဲ ရှိတယ်။ ဒီနေ့ဆို ၁ တန်း၊ ၂ တန်း၊ ၃ တန်း ပြီးပြီ။ ၄ တန်းကနေ ၈ တန်းအထိက ၂၀ ရက်နေ့မှ ပြီးမှာ” လို့ သူက ဆိုပါတယ်။
ဇီးကုန်းမြို့နယ် အထက်တန်းကျောင်းမှာ ပြုလုပ်တဲ့ Placement Test စာမေးပွဲကို Grade-1 ၂ ဦး၊ Grade-2 ၁ ဦး၊ Grade-3 ၂ ဦး၊ Grade-4 ၂ ဦး၊ Grade-5 ၁ ဦး၊ Grade-6 ၃ ဦး၊ Grade-7 ၂ ဦးနဲ့ Grade-8 ၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြတာ ဖြစ်ပါတယ်။
စာမေးပွဲစစ်ဆေးမှုမှာ ၁ တန်းကနေ ၃ တန်းအထိ ၄၅ မိနစ်ကြာ ရေးဖြေနဲ့ နှုတ်ဖြေ ဖြေဆိုရတာဖြစ်ပြီး၊ ၄ တန်းကနေ ၈ တန်းအထိကတော့ တစ်နေ့ကို တစ်ဘာသာနှုန်းနဲ့ ဖြေဆိုရတာ ဖြစ်ပါတယ်။
အဲဒီ ဝင်ခွင့်စာမေးပွဲ အောင်မြင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်မှာ ကျောင်းဆက်လက်တက်ရောက်ရမှာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီး ၅ နှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိသွားတဲ့ မူလတန်းနဲ့ အလယ်တန်း ကျောင်းသား၊ ကျောင်းသူတွေကို အထူးအစီအစဉ်နဲ့ စာမေးပွဲဖြေဆိုခွင့်ပြုမယ်လို့ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
