Lida စက်ရုံ တောင်းဆိုမှု ၆ ရက်မြောက်အထိ မပြေလည်ဘဲ ပူးပေါင်းတဲ့ အလုပ်သမား ထပ်တိုးလာ

Author CJ Platform
Categories
Published on Jun 06, 2026

Lida အထည်ချုပ်စက်ရုံမှာ စုပေါင်းတောင်းဆိုနေတာ ၆ ရက်မြောက်တဲ့အထိ ပြေလည်မှုမရသေးဘဲ နောက်ထပ် အလုပ်သမားတွေပါ ထပ်မံပူးပေါင်းပါဝင်လာတာ ရှိတယ်လို့ အဲ့ဒီစက်ရုံ အလုပ်သမားတွေဆီက သိရပါတယ်။

 

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Lida စက်ရုံက All Super ဖြစ်သူက ညလုံးပေါက် အချိန်ပို (OT) ဆင်းဖို့ လက်မခံတဲ့ အလုပ်သမားတွေကို ဆဲဆိုခဲ့တဲ့အတွက် အရေးယူပေးဖို့ ဇွန်လ ၁ ရက်နေ့မှာ စုပေါင်းတောင်းဆိုမှု စတင်ခဲ့တာ ဖြစ်ပါတယ်။

 

အဲ့ဒီ စုပေါင်းတောင်းဆိုမှုကို အလုပ်သမား ၁၀၆ ဦးနဲ့ စတင်ခဲ့တာဖြစ်ပြီး၊ နောက်ထပ် ပူးပေါင်းလာတဲ့ အလုပ်သမားတွေ ရှိခဲ့တာကြောင့် ၆ ရက်မြောက်နေ့မှာ ၁၈၄ ဦးအထိ ရှိလာတယ်လို့ ကိုယ်တိုင်ပါဝင် တောင်းဆိုနေသူတွေက ဆိုပါတယ်။

 

ဦးဆောင်တောင်းဆိုနေတဲ့ အလုပ်သမားတစ်ဦးက “အခုဆိုရင် စက်ရုံမှာရှိတဲ့ အလုပ်သမား အားလုံးနီးပါး ကျွန်တော်တို့နဲ့ အတူတကွ ပူးပေါင်းပြီး ပါဝင်တောင်းဆိုနေကြပါတယ်။ လောလောဆယ်အထိတော့ တစ်စုံတစ်ရာ ပြေလည်မှု မရသေးပါဘူး” လို့ ပြောပါတယ်။

 

ဆဲဆိုတဲ့ All Super ဆိုသူကို ရာထူးကနေ ဖယ်ရှားတာမဟုတ်ရင် အလုပ်ထုတ်ပေးဖို့ အလုပ်သမားတွေဘက်က တောင်းဆိုထားကြတာဖြစ်ပြီး၊ အလုပ်ရှင်ဘက်က နောက်ဆုံးသတိပေးချက် (Last Warning) ပဲ လုပ်ပေးနိုင်တယ်လို့ ပြောတာကြောင့် သဘောတူညီမှုမရဘဲ ဖြစ်နေတာလို့ ဆိုပါတယ်။

 

Lida အထည်ချုပ်စက်ရုံမှာ Super ရာထူးယူထားသူတွေက ဖိအားပေးစေခိုင်းတာတွေ လုပ်နေတဲ့အတွက် လုပ်ငန်းခွင် ဝင်နေရသူအချို့ဟာ သည်းမခံနိုင်တော့ဘဲ လစာထုတ်ပြီး အလုပ်ထွက်သွားတာတွေလည်း ရှိနေတယ်လို့ တောင်းဆိုမှုလုပ်နေကြတဲ့ အလုပ်သမားတွေက ဆိုပါတယ်။

 

Lida အထည်ချုပ်စက်ရုံမှာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့အခြေစိုက် ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ Splash (Splash Fashions) အထည်တွေကို ချုပ်လုပ်နေတာ ဖြစ်တယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

 

ဓာတ်ပုံ – Lida စက်ရုံအလုပ်သမားများ