ရည်းစားက ပေးတဲ့ ခိုးရာပါနာရီကိုဝတ်ပြီး TikTok ဆော့ရာကနေ နေအိမ်ဖောက်ထွင်းသူနှစ်ဦးကို ဖမ်းဆီးရမိ
ရည်းစားဖြစ်သူ လက်ဆောင်ပေးထားတဲ့ ခိုးရာပါနာရီကို ဝတ်ဆင်ပြီး TikTok ဆော့ရာကနေ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်က နေအိမ်ဖောက်ထွင်းသူနှစ်ဦးကို စစ်အုပ်စု လက်အောက်ခံရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မေလ ၂၇ ရက်က လူမှုကွန်ရက် TikTok ပေါ်မှာ အမျိုးသမီးငယ်တစ်ဦးက MK နာရီကို ဝတ်ဆင်ပြီး TikTok ဆော့ခဲ့ရာ နေအိမ်ဖောက်ထွင်းခံရသူတွေ မြင်တွေ့သွားပြီး ရဲစခန်းကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ရဲတွေက အဲဒီအမျိုးသမီးငယ်ကို စစ်ဆေးမေးမြန်းရာကနေ ပြစ်မှုကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“တောင်ကြီးက နေအိမ်အဖောက်ခံရတော့ ရွှေတွေရော၊ ငွေတွေရော၊ ဖုန်း ၂ လုံးနဲ့ နာရီ ၄ လုံး ပါသွားတယ်။ ပါသွားတဲ့ နာရီ ၄ လုံးထဲက MK အမှတ်တံဆိပ် နာရီကိုဝတ်ပြီး တောင်ကြီးက ကောင်မလေးတစ်ယောက်က TikTok ကစားတယ်။ အဲ့ဒီဗီဒီယိုကို အိမ်ရှင်ကမြင်ပြီး ရဲကိုအကြောင်းကြားလိုက်တာ။ ရဲကစစ်ဆေးတော့ အဲ့ဒီနာရီက သူ့ကောင်လေး လက်ဆောင်ပေးထားတာလို့ ပြောလို့ ရဲတွေက သူ့ရည်းစားကို လိုက်ပြခိုင်းပြီး ဖမ်းလိုက်တာ” လို့ သူက ဆိုပါတယ်။
စစ်အုပ်စုလက်အောက်ခံရဲတွေက ကောင်မလေးရဲ့ ရည်းစားဖြစ်သူ အေးသာယာမြို့နေ ကိုရဲနောင်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဖောက်ထွင်းခိုးယူသွားတဲ့ iPhone 8 Plus ဖုန်း ၁ လုံး၊ MK အမျိုးအစား နာရီ ၁ လုံးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး၊ မေလ ၃၀ ရက်မှာတော့ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ ကိုဇော်ပိုင် ဆိုသူကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“နေအိမ်ဖောက်ထွင်းတာက ၄ ယောက်၊ ရလာတဲ့ပစ္စည်းတွေကိုလည်း အညီအမျှ ခွဲယူတာ။ အခုက နှစ်ယောက်ပဲမိတော့ နှစ်ယောက်ကျန်သေးတယ်။ အဲ့ဒီနှစ်ယောက်ထဲက တစ်ယောက်ကလည်း TikTok မှာ ခိုးသွားတဲ့ ဆမ်ဆောင်းဖုန်းနဲ့ ဟိုတစ်ရက်ကတင် ဗီဒီယိုတွေ တင်နေသေးတယ်။ အခုတော့ အကောင့်ဖျက်သွားပြီ” လို့ သူက ဆက်ပြောပါတယ်။
ကိုရဲနောင်အပါအဝင် ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ ၄ ဦးဟာ မေလ ၃ ရက် နေ့လယ်ပိုင်းက တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပန်းတင်လမ်းမကြီးဘေးရှိ နေအိမ်တစ်လုံးကို ဖောက်ထွင်းပြီး ရွှေထည်ပစ္စည်းတွေ၊ ဖုန်း ၂ လုံး၊ နာရီ ၄ လုံး၊ ဆိုင်ကယ်ဦးထုပ် ၁ လုံးတို့ကို ခိုးယူခဲ့ကာ အညီအမျှခွဲယူခဲ့ကြတာလို့ သိရပါတယ်။
လက်ရှိမှာ တောင်ကြီးမြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခရသူ ကိုရဲနောင်နဲ့ ကိုဇော်ပိုင်တို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်ထားပြီး၊ ဖမ်းဆီးဖို့ ကျန်ရှိနေသေးတဲ့ ကိုနန်းအောင်ဝင်းနဲ့ ကိုကျော်ခိုင်ထွန်းတို့ကိုတော့ တရားခံပြေးအဖြစ် ကြေညာထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
