ဝဏ္ဏမောင်လွင် သားဖြစ်သူ ပိုင်တဲ့ ကုမ္ပဏီဝန်ထမ်းက မီတာခတွေ လိမ်ပြီး ထွက်ပြေးသွားလို့ ပြည်သူတွေ နစ်နာ
ရှမ်းပြည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး (EPC) ဝန်ထမ်းတစ်ဦးက ပြည်သူတွေဆီက မီတာခတွေကို လိမ်လည်ကောက်ခံပြီး ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် ဒေသခံပြည်သူ ရာနဲ့ချီကာ ငွေကြေးနစ်နာဆုံးရှုံးမှုတွေ ဖြစ်ပွားနေရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
အေးသာယာမြို့မှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ လစဉ်ပုံမှန် မီတာခတွေ ပေးဆောင်ခဲ့ကြပေမဲ့လည်း အဆိုပါ EPC ဝန်ထမ်းက ငွေရပြေစာဖြတ်ပိုင်းတွေ ပြန်လည်ထုတ်ပေးခြင်း မရှိတာကြောင့် မီတာရုံးသို့ သွားရောက်မေးမြန်းခဲ့ရာမှ အလိမ်ခံလိုက်ရမှန်း သိရှိခဲ့ကြတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“မီတာဖတ်စာရေးက မီတာလာဖတ်ရင် ပိုက်ဆံတစ်ခါတည်း ဆောင်ခိုင်းတာ။ လက်ငင်းပိုက်ဆံမရှိရင် Kpay (ကေပေး) နဲ့ ဆောင်ခိုင်းတယ်။ ဒါပေမဲ့ ပြေစာတော့ မပေးဘူး။ ပြေစာတောင်းရင် နောက်ရက်မှ ပေးမယ်ဆိုပြီး အကြောင်းပြချက်မျိုးစုံနဲ့ ပြောတယ်။ တစ်လလည်းမဟုတ်၊ နှစ်လလည်း မဟုတ်တော့တာနဲ့ ရပ်ကွက်ထဲက လူတွေစုပြီး မီတာရုံးကို သွားရောက်မေးမြန်းတဲ့အခါကျမှ အကုန်လုံးမှာ မီတာကြွေးကျန် ၂ လ၊ ၃ လစာစီ ရှိနေကြတာ။ တစ်ယောက်မှ မီတာခပေးဆောင်ရသေးတာ မရှိဘူး ဖြစ်နေတယ်” လို့ သူက ရှင်းပြပါတယ်။
အဆိုပါ လိမ်လည်ထွက်ပြေးသွားတဲ့ EPC ဝန်ထမ်းရဲ့ အမည်မှာ ကိုလင်းပြည့်စုံဦး ဖြစ်ပြီး စစ်အုပ်စုပိုင် “လင်းသီဟ” ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦး ဖြစ်ကာ၊ ကုမ္ပဏီဘက်ကလည်း လက်ရှိအချိန်အထိ တာဝန်ယူ ဖြေရှင်းပေးခြင်းမျိုး လုံးဝမရှိဘူးလို့ နစ်နာသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ပြဿနာဖြစ်လာတော့ ကုမ္ပဏီဘက်က ပြီးစလွယ်ပဲ အဲဒီဝန်ထမ်းကို အလုပ်ထုတ်လိုက်ပြီလို့ ပြောတယ်။ တကယ်တမ်း မြေပြင်မှာ နစ်နာဆုံးရှုံးရတာက ပြည်သူတွေ ဖြစ်ပါတယ်။ အိမ်ခြေ ၂၀၀ ကျော်လောက် ရှိတယ်၊ မီတာခ ၂ လစာ၊ ၃ လစာလောက်အထိ ယူဆောင်သွားတာ ဖြစ်ပြီး အချို့အိမ်တွေဆိုရင် ၄ လစာလောက်အထိ ရှိတယ်။ ခေတ်ကာလ အခြေအနေအရ အကုန်လုံးက စီးပွားရေး အဆင်ပြေနေကြတာ မဟုတ်တော့ အခု အလိမ်ခံရတဲ့ ငွေအမောက်ကို မီတာရုံးကို ပြန်လည်ပေးသွင်းရမယ်ဆိုရင် ပြည်သူတွေမှာ အတော်လေး အခက်အခဲ ရှိနေပါတယ်” လို့ သူက ဆိုပါတယ်။
လတ်တလောမှာတော့ လိမ်လည်ခံခဲ့ရတဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး နေပြည်တော်ရှိ စစ်အုပ်စုရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ တိုင်ကြားစာ ပေးပို့ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
တောင်ကြီးမြို့နယ်နဲ့ အေးသာယာမြို့ရဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းစဉ်တွေကို “လင်းသီဟ” ကုမ္ပဏီက တာဝန်ယူ လုပ်ကိုင်နေတာဖြစ်ပြီး၊ အဆိုပါကုမ္ပဏီကို စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝဏ္ဏမောင်လွင်ရဲ့ သားဖြစ်သူ လင်းမင်းမောင်လွင်က ပိုင်ဆိုင်ပြီး လုပ်ကိုင်နေတာ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
