မုဒုံ ခမရ ၂၁၀ က စစ်သားနှစ်ဦး ပစ်သတ်ခံရ
မွန်ပြည်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာမှာ ဒီနေ့ ဇွန် ၆ ရက် နေ့လယ် ၁၂ နာရီခွဲက အမှတ် ၂၁၀ ခြေမြန်တပ်ရင်းမှ စစ်သားနှစ်ယောက် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲက နှီးပဒေါကျေးရွာမှာ လုံခြုံရေးယူနေတဲ့ ခမရ ၂၁၀ က စစ်သားနှစ်ဦးကို ဆိုင်ကယ်ပေါ်က အမည်မသိ အမျိုးသားနှစ်ယောက်က ပစ်ခတ်သွားတာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“စစ်ကြောင်းထိုးရင်း လူစုကွဲပြီး ရောက်လာတဲ့ စစ်သားနှစ်ယောက် ရွာထဲမှာ လုံခြုံရေးယူရင်း သူ့အဖွဲ့ကို စောင့်နေတယ်။ အဲ့ဒီအချိန် ဆိုင်ကယ်နဲ့လာပစ်သွားတာ ပွဲချင်းပြီးသေတယ်။ သေတဲ့စစ်သားတွေက ခမရ ၂၁၀ က။ စစ်တပ်နဲ့ ရဲက ဆေးရုံပို့လိုက်တယ်” လို့ ၎င်းက ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ခမရ (၂၁၀) နဲ့ စစ်အုပ်စုလက်အောက်ခံတပ်တွေဟာ နှီးပဒေါကျေးရွာကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ဒေသခံတွေကတော့ မုဒုံနဲ့ ကမာဝက်မြို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့ မကြာခဏ ပစ်ခတ်ခံရတာကြောင့် စစ်တပ်က ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးမှာကို စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၅ ရက် ည ၈ နာရီကလည်း မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ဂုံညင်းတန်းရပ်ကွက်နေ ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မင်း သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
အလားတူပင် ဧပြီ ၁၄ ရက် ည ၈ နာရီကလည်း ကမာဝက်မြို့မှာ အမျိုးသား ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီး ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
