ရုပ်အလောင်းသယ်ယူခ မတရားငွေတောင်းခံခြင်းတွေ လျော့နည်းပပျောက်စေဖို့ လုပ်ဆောင်မယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးထုတ်ပြန် 

Author CJ Platform
Categories
Published on Jun 06, 2026

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူတွေရဲ့ ရုပ်အလောင်းတွေကို သယ်ယူရာမှာ မတရားငွေတောင်းခံတာတွေ လျော့နည်းပပျောက်စေဖို့ ဝန်ထမ်းအချို့ကို ဌာနပြောင်းရွှေ့တာအပါအဝင် တင်းကျပ်စွာ ကြီးကြပ်ဆောင်ရွက်နေတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက မနေ့က ဇွန်လ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

 

ဆေးရုံကြီးက တဆင့် သက်ဆိုင်ရာ သုသာန်နဲ့ ရပ်နီးရပ်ဝေးကို ရုပ်အလောင်းတွေ သယ်ယူရာမှာ သင့်တင့်မျှတတဲ့စရိတ်နဲ့ သယ်ဆောင်နိုင်ရေး၊ စစ်မှန်တဲ့ ပရဟိတအဖွဲ့တွေရဲ့ အကူအညီရရှိရေး၊ အကျိုးအမြတ်အတွက် ရည်ရွယ်တဲ့ ပရဟိတတက္ကစီ (Taxi) တွေနဲ့ ကျင့်ဝတ်မညီတဲ့ လူနာတင်ယာဉ် (Ambulance) တွေကို ကြီးကြပ်ဖို့ အပြောင်းအလဲတွေ ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

 

ဇွန်လ ၁ ရက်က အတုယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ စစ်အုပ်စုရဲ့ လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ ပရဟိတအသင်းအဖွဲ့တွေက တာဝန်ရှိသူ ၅၅ ဦးခန့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ ရုပ်အလောင်းတင်ယာဉ်နဲ့ လူနာတင်ယာဉ်တွေကို အခမဲ့ (သို့မဟုတ်) သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ပို့ဆောင်ပေးမယ့် ပရဟိတအသင်းအမည်၊ ဆက်သွယ်ရမယ့် ပုဂ္ဂိုလ်နဲ့ ဖုန်းနံပါတ်တွေကို ဆေးရုံကြီးမှာ ဗီနိုင်းနဲ့ ကပ်ထားနိုင်ရေး ညှိနှိုင်းခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ဇွန်လ ၃ ရက်နဲ့ ၄ ရက်မှာ ဆေးရုံကြီးဝင်ပေါက်ရှေ့မှာ ပြင်ပလူနာတင်ယာဉ်တွေ အကြောင်းမဲ့ အချိန်ကြာမြင့်စွာ ရပ်နားထားတာမျိုး မရှိစေရေးနဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ အခြေအနေတွေကို မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ စည်ပင်သာယာပူးပေါင်းအဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ပုံမှန်ကြီးကြပ်သွားမယ်လို့ ဆိုထားပါတယ်။

 

လာမယ့် ဇွန်လ ၈ ရက်နေ့မှာ စတင်ဖွင့်လှစ်မယ့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ နှစ်ထပ်ရင်ခွဲရုံသစ်မှာလည်း ကူညီပေးမယ့် ပရဟိတအဖွဲ့တွေအကြောင်း ပြည်သူတွေကို အသိပေးနှိုးဆော်ချက် ဆိုင်းဘုတ်တွေ တပ်ဆင်ထားမှာဖြစ်ကြောင်း၊ ငွေတောင်းခံမှုတွေ ရှိလာရင် တိုင်ကြားနိုင်တဲ့ ဗီနိုင်းတွေ ကပ်ထားတာ၊ ဝန်ထမ်းတွေ ရင်ဘတ်မှာ အမည်နဲ့ ရာထူးတံဆိပ်တွေ တပ်ဆင်ထားစေတာကို ဆောင်ရွက်မယ့်အပြင် မတရားငွေတောင်းခံမှုတွေနဲ့ ပတ်သက်ပြီး လက်ရှိမှာ ဝန်ထမ်း ၄ ဦးကို ဌာနပြောင်းရွှေ့ထားရှိပြီးဖြစ်ကြောင်းကိုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – ရန်ကုန်ပြည်သူ့ဆေးရုံကြီး