ကမာဝက်မြို့က ပြည်သူ့စစ်ခေါင်းဆောင် သေနတ်နဲ့ အပစ်ခံရ
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ ဂုံညင်းတန်းရပ်ကွက်နေ ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မင်းကို မေ ၂၅ ရက် ည ၈ နာရီက အမည်မသိ အမျိုးသား ၂ဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ဒဏ်ရာရရှိခဲ့တဲ့ ဦးကျော်မင်းကို ကမာဝက်တိုက်နယ်ဆေးရုံ ပို့ဆောင်ကုသစဉ် ည ၈ နာရီခွဲမှာ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။
“အိမ်ထဲအထိ ဝင်ပစ်တာ။ သေနတ်ဒဏ်ရာ ၃ ချက်လောက် ရသွားတယ်။ ချက်ချင်းမသေဘူး၊ ဆေးရုံရောက်ပြီး နာရီဝက်လောက်မှ သေတာ။ ဂုံညင်းတန်းရပ်ကွက်ကို ခမရ (၂၀၉) က စစ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ ကမာဝက်မြို့ ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မင်းဟာ ကမာဝက်မြို့အခြေစိုက် အမှတ် (၂၀၉) ခြေမြန်တပ်ရင်းမှာ ပြည်သူ့စစ်အပတ်စဉ် (၁) နဲ့ မုဒုံအခြေစိုက် အမှတ် (၂၁၀) ခြေမြန်တပ်ရင်းမှာ စစ်ပညာနဲ့ လက်နက်ငယ်သင်တန်း တက်ထားခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းကာ ခေါင်းဆောင်အဖြစ် နေရာယူထားသူဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
လတ်တလောမှာ ခမရ (၂၀၉) နဲ့ စစ်အုပ်စုလက်အောက်ခံတပ်တွေဟာ ကမာဝက်မြို့နဲ့ ဂုံညင်းတန်းရပ်ကွက်ကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၁၄ ရက် ည ၈ နာရီကလည်း ကမာဝက်မြို့မှာ အမျိုးသား ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီး ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက် မနက် ၇ နာရီကလည်း ကမာဝက်မြို့၊ မုဒုံ – သံဖြူဇရပ်ကားလမ်းဘေးမှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိ သေနတ်သမား ၂ ဦး ဝင်ပစ်ခဲ့လို့ စစ်အုပ်စုတပ်သား ၁ ဦးနဲ့ ဝန်ထမ်း ၁ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
ဓာတ်ပုံ – Pro – SAC
