မိုးကြိုးပစ်ခံရပြီး သေဆုံးသွားတဲ့ နွားများအတွက် ပိုင်ရှင်များကို KBZ Foundation နဲ့ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်အဖွဲ့က ကူညီထောက်ပံ့ပေးမယ်

Author CJ Platform
Categories
Published on May 25, 2026

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်အုပ်စု၊ ကောင်ဝါးတောင်ကျေးရွာမှာ မိုးကြိုးပစ်ခံရလို့ သေဆုံးသွားတဲ့ နွားအကောင် ၅၀ အတွက် ပိုင်ရှင်ဖြစ်သူတွေကို KBZ Foundation နဲ့ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်အဖွဲ့က ကူညီထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မေလ ၂၁ ရက် နေ့လယ် ၂ နာရီက ကောင်ဝါးတောင်ကျေးရွာနဲ့ ၂ မိုင်အကွာ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခဲ့ရာမှ မိုးကြိုးထိမှန်လို့ နွားအကောင် ၅၀ သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“နွားအကောင် ၅၀ ဆိုတာ တစ်ဦးတစ်ယောက်တည်း ပိုင်တဲ့ နွားတွေမဟုတ်ပါဘူး။ ရွာထဲက အိမ်ထောင်စု ၁၇ စု ပိုင်တဲ့နွားတွေပါ။ သေသွားတာ အထီး ၁၄ ကောင်၊ အမ ၃၆ ကောင်ပါ။ ဒီဘက်က စစ်ရေးပဋိပက္ခနယ်မြေဆိုတော့ နွားတစ်ကောင်ကို သိန်း ၂၀ ကျော်ရှိတယ်။ ပြန်မဝယ်နိုင်ဘူး။ အဖွဲ့အစည်းတွေက ကူညီပေးမယ်ဆိုတော့ ဝမ်းသာတယ်” လို့ ပြောပါတယ်။

 

မေလ ၂၃ ရက်က KBZ Foundation နဲ့ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်က ကျေးရွာဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေကို တွေ့ဆုံပြီး မိုးကြိုးပစ်ခံရတဲ့နွားတွေအတွက် ပိုင်ရှင်တွေကို ကူညီပေးဖို့ ပြောဆိုခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“နွားတစ်ကောင်ကို ၅ သိန်း ဒါမှမဟုတ် ၇ သိန်းပေးမယ် ပြောတယ်။ ဘယ်လိုပုံစံနဲ့ ပေးမလဲတော့ မသိဘူး။ အခုလို ကူညီပေးတာ ဝမ်းသာတယ်။ နွားပြန်ဝယ်ဖို့အတွက် ကာမိတာပေါ့” လို့ ပြောပါတယ်။

 

မိုးကြိုးပစ်တဲ့နေ့က နွားကျောင်းသားက လယ်ထဲမှာ နွားအကောင် ၂၀၀ ကျော်ကို နွားကျောင်းနေစဉ် မိုးကြိုးပစ်ခဲ့တာဖြစ်ပြီး နွားကျောင်းသားမှာ နွားအုပ်နဲ့ အဝေးမှာ ရှိနေတဲ့အတွက် မိုးကြိုးစက်ကွင်းမှ လွတ်ခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်