ရန်ကုန်မှာ ဖွင့်လှစ်မယ့် လူငယ်သင်တန်းအတွက် ကျောင်းသားတစ်ဦး ခေါ်ပေးရင် ၅သောင်းပေးမယ်လို့ စစ်အုပ်စုက စည်းရုံးနေ  

Author CJ Platform
Categories
Published on May 25, 2026

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့မှာ စစ်အုပ်စုက မကြာခင်ဖွင့်လှစ်မယ့် အမှတ် (၁) လူငယ်သင်တန်းကျောင်းမှာ ကျောင်းလာအပ်မယ့်သူမရှိတာကြောင့် ကျောင်းသားတစ်ဦး ခေါ်လာသူကို ငါးသောင်းပေးမယ်ဆိုကာ စည်းရုံးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

ဒီကနေ့ လှည်းကူးမြို့မဈေးနဲ့ ဇရပ်ကွင်းတာဆုံမှာ စစ်အုပ်စုတပ်သားတွေက ပန်းဖလက်များကို လိုက်လံဝေနေပြီး ကျောင်းသားတစ်ယောက်ကို ခေါ်လာရင် ကျောင်းဘက်က ငါးသောင်းပေးသွားမှာဖြစ်တယ်လို့ ပြောဆိုကြောင်း ဇရပ်ကွင်းကျေးရွာနေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဇရပ်ကွင်းတာဆုံမှာ စစ်အုပ်စုက ပန်းဖလက်တွေ လာကမ်းရင်း ကျောင်းသားတစ်ယောက်ခေါ်လာရင် ကျောင်းဘက်က ငါးသောင်းပေးမယ် ပြောတယ်။ ပန်းဖလက်ကြည့်လိုက်တော့ ကျောင်းတက်တာနဲ့ မတူဘူး၊ ဝတ်စုံတွေကအစ စစ်တပ်တိုင်းပဲ” လို့ ပြောပါတယ်။

 

အမှတ် (၁) လူငယ်သင်တန်းကျောင်းဘက်က အခမဲ့ပညာရေးစနစ်အပြင် ကျောင်းသားတွေကို စရိတ်ပါ ပြန်ပေးမယ်ဆိုတဲ့ မက်လုံးပေးပေမယ့် မိဘတွေအနေနဲ့ ယုံကြည်မှုမရှိ၍ ကျောင်းမအပ်တာလို့ ကျောင်းသားမိဘတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“၂၂ ရက်ကတည်းက အဲဒီကျောင်းမှာ ကျောင်းအပ်လက်ခံတာ။ ရဲမွန်ရွာဘက်က လူတွေတောင် သွားမအပ်ဘူး။ ဘယ်လိုပဲ မက်လုံးပေးပေး စစ်တပ်က ဖွင့်တဲ့ကျောင်းဆိုတော့ မိဘတွေက ယုံကြည်မှုမရှိလို့ သွားမအပ်တာ” လို့ ပြောပါတယ်။

 

အဲဒီကျောင်းမှာ ကျောင်းတက်မယ့် ၉တန်းကနေ ၁၂ တန်းအထိ ကျောင်းသားကျောင်းသူတွေကို တပ်သားတစ်ဦးရဲ့လစာ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ပေးမယ်ဆိုပြီး ပြီးခဲ့တဲ့ မေလ ၁ ရက်ကတည်းက စစ်အုပ်စုဘက်က ထုတ်ပြန်ထားတာပါ။

 

လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အရာရှိ၊ စစ်သည်တွေ၊ အငြိမ်းစားအရာရှိ၊ စစ်သည်နဲ့ ကျဆုံးသွားတဲ့ အရာရှိ၊ စစ်သည်များရဲ့ သားသမီးတွေအတွက် ရန်ကုန်နဲ့ နေပြည်တော်မှာ လူငယ်ပညာရေးသင်တန်းကျောင်းကို ဖွင့်လှစ်ဖို့ ဧပြီလ ၉ ရက်က တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောဆိုပြီးနောက် လူငယ်သင်တန်းကျောင်းတွေ ဖွင့်လာတာပါ။

 

ကနဦးက ရန်ကုန်နဲ့ နေပြည်တော်မှာ အမှတ် (၁) နဲ့ အမှတ် (၂) သင်တန်းကျောင်းကို ဖွင့်ဖို့ စီစဉ်ခဲ့ပေမယ့် မေလ ၃ ရက်မှာ တောင်ငူ၊ မိတ္ထီလာ၊ မြိတ်၊ အောင်ပန်း၊ ပုသိမ်၊ မော်လမြိုင်၊ မြစ်ကြီးနား၊ စစ်တွေ၊ လားရှိုး၊ မုံရွာနဲ့ ကျိုင်းတုံမြို့မှာ အမှတ် (၃) ကနေ အမှတ် (၁၃) အထိ ထပ်တိုးဖွင့်ခဲ့တာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro – SAC