ကဝမြို့နယ် ရွှေဘုံသာကျေးရွာ ၅ လောင်းပြိုင် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူလို့ဆိုသူ ၄ ဦးကို ဖမ်းမိ

Author CJ Platform
Categories
Published on Jun 06, 2026

ပဲခူးတိုင်း၊ ကဝမြို့နယ်၊‌ ရွှေဘုံသာကျေးရွာမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ် ၃ ဦးအပါအဝင် မိသားစုဝင် ၅ ဦးကို သတ်ဖြတ်ခဲ့သူ ၄ ဦးကို စစ်အုပ်စုလက်အောက်ခံရဲတွေက ဖမ်းမိထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

ဇွန်လ ၁ ရက်နေ့က ရွှေဘုံသာကျေးရွာ ရွာအပြင် လယ်တောထဲမှာ နေထိုင်တဲ့ မိသားစု ၅ ယောက်ကို အမည်မသိ အမျိုးသားလေးဦးက သတ်ဖြတ်ခဲ့တာဖြစ်ပြီး၊ ရွာနဲ့အလှမ်းဝေးတာကြောင့် ဒေသခံတွေအနေနဲ့ ဇွန် ၃ ရက်နေ့ကျမှ လူသတ်မှုဖြစ်စဉ်ကို သိခဲ့ရတာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဒေသခံတွေတွေ့တဲ့အချိန် အသတ်ခံရတဲ့ မိသားစု ၅ ယောက်ထဲမှာ ၄ နှစ်အရွယ် ကလေးလေးက မသေသေးဘူး။ အလောင်းတွေကြားထဲမှာ ၂ ညလုံး ဒဏ်ရာတွေနဲ့ အသက်ရှင်နေသေးတယ်။ ဆေးရုံရောက်မှ သေတာ။ အသတ်ခံရတာ မိန်းကလေး ၄ ယောက်၊ ယောက်ျားလေး ၁ ယောက်” လို့ သူက ဆိုပါတယ်။

 

အသတ်ခံရတဲ့ မိသားစုဝင် ၅ ဦးဟာ ၃၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ ၅၇ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ ၈ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး၊ ၁၁ နှစ်အရွယ် ယောက်ျားလေး ၁ ဦးနဲ့ ၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးတို့ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ရှင်းပြပါတယ်။

 

အဲဒီ မိသားစုဟာ ရွာနဲ့အလှမ်းဝေးတဲ့ လယ်တောထဲမှာ နေထိုင်တာကြောင့် ရပ်မိရပ်ဖတွေရဲ့ ပြောဆိုမှုကြောင့် ဒီနှစ်ပညာသင်နှစ်မှာ အသက် ၁၁ နှစ်အရွယ် သားလေးကို Grade 5 နဲ့ ၈ နှစ်အရွယ် သမီးလေးကို Grade 3 ရွှေဘုံသာကျေးရွာ အလယ်တန်းကျောင်းခွဲမှာ ကျောင်းထားခဲ့တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အသတ်ခံရတဲ့အထဲမှာ ရွှေဘုံသာအလယ်တန်းကျောင်းခွဲမှာ ကျောင်းတက်နေတဲ့ ကလေးနှစ်ယောက်ပါတယ်။ တစ်ယောက်က ၅ တန်း၊ တစ်ယောက်က ၃ တန်း” လို့ သူက ဆိုပါတယ်။

 

လက်ရှိမှာ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ ၄ ဦးကို ဖမ်းမိထားပြီး စစ်အုပ်စုလက်အောက်ခံရဲတွေက စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“သတ်တဲ့ကောင်တွေကို မိသွားပြီ။ တစ်ယောက်တည်းမဟုတ်ဘူး၊ လေးယောက်။ အမျိုးသမီးကို မုဒိမ်းကျင့်ပြီးမှ သတ်တာလို့ သိရတယ်။ ဘာကြောင့်သတ်တယ်ဆိုတာတော့ မသိရသေးဘူး၊ စစ်ဆေးနေတုန်းပဲ” လို့ ဆိုပါတယ်။

 

သေဆုံးသူ ၅ ဦးရဲ့ ရုပ်အလောင်းတွေကို ဇွန်လ ၄ ရက်နေ့မှာ ရွှေဘုံသာကျေးရွာသုသာန်မှာ ကျေးရွာနေပြည်သူတွေက တပြိုင်တည်း မီးရှို့သင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ဒေသခံ