ပဲခူးမှာ ကိုရင်တစ်ပါးကို ဓားထောက်ပြီး ကြိုးတုပ်ကာ ဖုန်းနဲ့ ပိုက်ဆံလုသူ သုံးဦးအနက် တစ်ဦးဖမ်းမိ
ပဲခူးမြို့၊ ဥဿာမြို့သစ် ၇ ရပ်ကွက်မှာရှိတဲ့ ဒက္ခိဏသာခါရာမကျောင်းတိုက်က ကိုရင်တစ်ပါးကို ကြိုးနဲ့တုပ်ပြီး ဖုန်းနဲ့ ပိုက်ဆံလုယက်ခဲ့တဲ့ အမျိုးသား သုံးဦးထဲက တစ်ဦးကို ဇွန် ၇ ရက်နေ့က စစ်အုပ်စုခန့်ရဲတွေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အမျိုးသား သုံးဦးက ဘုန်းကြီးကျောင်းဝင်းထဲဝင်ကာ ကိုရင်လေးကို ဓားနဲ့ထောက်၊ ကြိုးနဲ့တုပ်ပြီး ကျောင်းဝင်းထဲရှိ အိမ်သာထဲထည့်ခဲ့ကာ ဖုန်းနဲ့ ပိုက်ဆံတွေ ယူဆောင်သွားတာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“နေ့ဆွမ်းမစားခင် ကိုရင်လေးပျောက်နေလို့ ဆရာတော်တွေက လိုက်ရှာရင်း အိမ်သာထဲက အသံကြားလို့ ဖွင့်ကြည့်တာ ကိုရင်လေးကို ကြိုးနဲ့တုပ်ထားတာ တွေ့တယ်။ ကိုရင်လေးကို မေးကြည့်တော့ ဒကာသုံးယောက်က သူ့နောက်ကျောကို ဓားနဲ့ထောက်ပြီး ဖုန်းနဲ့ ပိုက်ဆံတွေယူတယ်။ ပြီးတော့ ကြိုးတုပ်ပြီး အိမ်သာထဲထည့်ခဲ့တယ် ပြောတယ်။ ခေတ်ကာလက ဘုန်းကြီးကျောင်းတောင် လုံခြုံမှုမရှိတော့ဘူး” လို့ သူက ဆိုပါတယ်။
အမှုဖြစ်စဉ်က ဇွန်လ ၄ ရက် မနက် ၁၁ နာရီခွဲက ပဲခူးမြို့၊ ဥဿာမြို့သစ် ၇ ရပ်ကွက်မှာရှိတဲ့ ဒက္ခိဏသာခါရာမကျောင်းတိုက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ကျောင်းတိုက်ဆရာတော်တွေက အခြေအနေစုံစမ်းပြီး ဇွန်လ ၇ ရက်နေ့မှာ အမှုဖွင့်ခဲ့ရာ ပြစ်မှုကျူးလွန်သူတစ်ဦးကို ဖမ်းမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။
“ကျောင်းမှာ ဆွမ်းကျန်ဟင်းကျန်လာစားတဲ့သူတွေပဲ။ ဆွမ်းစားချိန် ကိုရင်တစ်ယောက်တည်းရှိလို့ ဓားထောက်လုပြီး Redmi 15 ဖုန်းတစ်လုံးနဲ့ ပိုက်ဆံ ၅ သောင်းယူသွားတာ။ သုံးယောက်ထဲက တစ်ယောက်ကို မနေ့ကပဲမိတယ်။ နှစ်ယောက်က မမိသေးဘူး” လို့ ရှင်းပြပါတယ်။
လက်ရှိမှာ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ ကိုသက်ညီညီဦး (ခ) ဖရုံသီးကို ပဲခူးမြို့နယ်ရဲစခန်းက စစ်ဆေးနေပြီး၊ ထွက်ပြေးတိမ်းရှောင်နေတဲ့ ကိုနိုင်မြင့်မြတ် အပါအဝင် ၂ ဦးကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပဲခူးမြို့နယ်မှာ လုယက်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ ဖမ်းဆီးခံရသူအချို့ကို သေဒဏ်ပေးခဲ့တာရှိသလို အချို့ကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
