အလုပ်သမားသမဂ္ဂခေါင်းဆောင် ၁ ဦး အလုပ်ထုတ်ခံရမှု ထပ်ဖြစ်
ရွှေပြည်သာမြို့နယ်က ဖွင့်ထားတဲ့ Bontech အထည်ချုပ်စက်ရုံမှာ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၁ ဦး မတရားအလုပ်ထုတ်ခံရမှု ဖြစ်ခဲ့တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။
Bontech အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်းရဲ့ ဘဏ္ဍာရေးမှူးတာဝန်ယူထားသူကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ချိုးဖောက်ပြီး မေလ ၂၇ ရက်က အလုပ်ထုတ်လိုက်တာလို့ ဆိုပါတယ်။
အလုပ်သမားတွေဘက်က ကူညီပေးနေတဲ့ STUM က တာဝန်ရှိသူ ၁ ဦးက “အဲဒီအလုပ်သမားက စက်ချုပ်တဲ့အပိုင်းမှာ လုပ်နေတာကို မေလ ၁၅ ရက်က ကျွမ်းကျင်မှုမရှိတဲ့ အကူ (Helper) နေရာ အတင်းပြောင်းရွှေ့ခံရတာကနေ အငြင်းပွားမှု စတာ” လို့ ပြောပါတယ်။
အဲဒီလို အလုပ်နေရာရွှေ့ပြောင်းတာကို အလုပ်သမားဖြစ်သူက လက်မခံတဲ့အတွက် စက်ရုံစူပါက မောက်မာစွာ ပြောဆိုမောင်းထုတ်တာမျိုး လုပ်ခဲ့တာကြောင့် မေလ ၁၈ ရက်မှာ ရွှေပြည်သာမြို့နယ်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနဆီ တိုင်ကြားစာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
တိုင်ကြားမှုအပေါ် မေလ ၂၆ ရက်က မြို့နယ်အလုပ်သမားရုံးမှာ နှစ်ဖက် ဆွေးနွေးဖြေရှင်းခဲ့ကြပြီး EC စာချုပ်ချိုးဖောက်ခဲ့တဲ့ လိုင်းစူပါကို အခုလို နောက်ထပ်မလုပ်ဖို့ ဝန်ခံလက်မှတ်ရေးထိုးခိုင်းမယ်ဆိုကာ စက်ရုံလုပ်ငန်းရှင်ဘက်က အာမခံခဲ့တယ်လို့ ဆိုပါတယ်။
“အလုပ်ရှင်ဘက်က နောက်တစ်နေ့မှာ ပေးထားတဲ့ကတိကိုချိုးဖောက်ပြီး အလုပ်သမားသမဂ္ဂ ခေါင်းဆောင်ကို ရုံးခန်းခေါ် အလုပ်ထုတ်အကြောင်းကြားစာ ပေးတယ်” လို့ STUM က ပြောပါတယ်။
အဲဒီအကြောင်းကြားစာထဲမှာ အထက်လူကြီးခိုင်းတာကို ငြင်းဆန်တာ၊ လုပ်ငန်းခွင်ထဲ စည်းကမ်းဖောက်ဖျက်တာ၊ သတ်မှတ် Target ပြည့်အောင် မလုပ်တာတွေကြောင့် အလုပ်ထုတ်တာလို့ ဖော်ပြထားပါတယ်။
အခုလို အလုပ်ထုတ်တာက အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို ပစ်မှတ်ထားဖြိုခွဲတာဖြစ်သလို အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တောင်းဆိုတဲ့အပေါ် လက်တုံ့ပြန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အလုပ်သမားဘက်က ဝေဖန်ထောက်ပြထားပါတယ်။
Bontech စက်ရုံမှာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကလည်း ဆေးရုံတက်နေတဲ့ မိခင်ဖြစ်သူနဲ့ ဖုန်းအဆက်အသွယ်မပြတ်အောင် ဖုန်းဆောင်ထားတဲ့ အလုပ်သမားသမဂ္ဂအမှုဆောင် ၂ ဦးရဲ့ ဖုန်းကို သိမ်းဆည်းတာ လက်မခံလို့ဆိုပြီး အလုပ်ထုတ်ခဲ့တာ ရှိပါတယ်။
အလုပ်ထုတ်ခံရတဲ့ သမဂ္ဂခေါင်းဆောင်တွေ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခွင့်ရအောင် နေပြည်တော်အထိ တိုင်စာပေးပို့ခဲ့ကြပေမယ့် တစ်စုံတစ်ရာ အကြောင်းပြန်တာ မရှိတာကြောင့် အငြင်းပွားမှုတွေ ဆက်ရှိနေသလို လုပ်ငန်းခွင်ထဲမှာ အခြေအနေ ဆက်လက်တင်းမာနေတယ်လို့ ဆိုပါတယ်။
အဲဒီလို အလုပ်ရှင်ဘက်က ဥပဒေမဲ့ မတရားအလုပ်ထုတ်ပယ်တာနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အစည်းတွေနဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့က ဘယ်လိုအရေးယူမလဲဆိုတာ စောင့်ကြည့်နေပြီး နစ်နာတဲ့ အလုပ်သမားအတွက် လိုအပ်တဲ့ ဥပဒေရေးရာ အကူအညီပေးသွားမယ်လို့ STUM က အသိပေးထားပါတယ်။
အလုပ်သမား ၁,၅၀၀ နီးပါးနဲ့ လည်ပတ်နေတဲ့ Bontech အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့နှစ်ကစပြီး အလုပ်သမားသမဂ္ဂဖြိုခွဲမှု (Union Busting) နဲ့ လုပ်ငန်းခွင်အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တာလို့ အလုပ်သမားတွေဆီက သိရပါတယ်။
အဲဒီစက်ရုံအတွင်း သမဂ္ဂဖွဲ့စည်းဖို့ ပြင်ဆင်ချိန်မှာ တာဝန်ရှိသူတွေနဲ့ အလုပ်ရုံတာဝန်ခံတွေက သမဂ္ဂအလုပ်အမှုဆောင်တွေ၊ သမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်တာအပြင် အကြောင်းအမျိုးမျိုးနဲ့ ပိုက်ဆံဖြတ်တာ၊ နည်းမျိုးစုံ ဖိအားပေးတာတွေ ရှိခဲ့တယ်လို့ အလုပ်သမားတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
Bontech စက်ရုံမှာ ဥရောပနဲ့ နိုင်ငံတကာအမှတ်တံဆိပ် အော်ဒါတွေကို အဓိက အပ်နှံချုပ်လုပ်နေတာဖြစ်ပြီး အဲဒီထုတ်ကုန်အမှတ်တံဆိပ်တွေက သူတို့ရဲ့ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) မှာပါဝင်တဲ့ အထည်ချုပ်စက်ရုံတွေရဲ့ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကျင့်ဝတ်တွေကို တင်းကျပ်စွာ လိုက်နာဖို့ ကတိကဝတ်ပြုထားကြပေမယ့် ပြည်တွင်းက လုပ်ငန်းခွင်မှာ ချိုးဖောက်မှုတွေ ကြုံနေရတာလို့ STUM က ထောက်ပြထားပါတယ်။
အခု အလုပ်သမားသမဂ္ဂခေါင်းဆောင် အလုပ်ထုတ်ခံရတဲ့ဖြစ်စဉ် မတိုင်ခင်မှာ ရွှေပြည်သာမြို့နယ်ထဲက နေရွှေဝင်းစက်ရုံမှာ အလုပ်သမားသမဂ္ဂခေါင်းဆောင်နဲ့ အဖွဲ့ဝင် ၁၀ ဦး အလုပ်ထုတ်ခံရတဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။
အဲဒီလို အလုပ်သမားသမဂ္ဂဝင်တွေကို ပစ်မှတ်ထားအလုပ်ထုတ်တာက ရည်ရွယ်ချက်ရှိရှိ သမဂ္ဂဖြိုခွဲဖို့ လုပ်တာလို့ အလုပ်သမားအဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြထားကြပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ပြဋ္ဌာန်းချက်တွေကို ဆိုးရွားစွာ ချိုးဖောက်နေတယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က ပုဒ်မ ၃၃ နဲ့ အပြင်းထန်ဆုံးအရေးယူဖို့ ပြီးခဲ့တဲ့နှစ် ဇွန်လဆန်းမှာ ဆုံးဖြတ်ထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
