ဒီမိုကရေစီအုပ်ချုပ်ရေး ပြန်ထူထောင်ချိန်မှာ အသင့်ဖြစ်စေဖို့ သယံဇာတပွင့်လင်းမြင်သာမှုစနစ် ဒီကနေ့ စတင်ပြီလို့ NUG ပြော

Author CJ Platform
Categories
Published on May 29, 2026

ဒီမိုကရေစီအုပ်ချုပ်ရေး အပြည့်အဝ ပြန်လည်ထူထောင်ပြီးတဲ့အချိန်မှာ ပွင့်လင်းမြင်သာမှုရဲ့ အခြေခံအဆောက်အအုံ အသင့်ဖြစ်စေဖို့အတွက် သဘာဝသယံဇာတ ဝင်ငွေတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ အဆင့်ဆင့် ထုတ်ဖော်မယ့် စနစ် ၁ ခုကို ဒီကနေ့ မေလ ၂၉ ရက်မှာပဲ စတင်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန (MOEEC) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ဒီကနေ့မှာ MOEEC အနေနဲ့ မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍဆိုင်ရာ ဝင်ငွေတွေ၊ စာချုပ်တွေနဲ့ ပိုင်ဆိုင်မှုတွေအပေါ် အမျိုးသားအဆင့် ပွင့်လင်းမြင်သာမှု လုပ်ငန်းစဉ်တစ်ရပ်ကို စတင်တယ်လို့ ဖော်ပြထားပြီး အဲဒီလုပ်ငန်းစဉ်ဟာ နိုင်ငံရဲ့ သဘာဝသယံဇာတတွေကို ပွင့်လင်းမြင်သာမှုရှိတဲ့ စီမံအုပ်ချုပ်မှု (open-book governance) နဲ့ စီမံဆောင်ရွက်ဖို့ ကတိပြုချက် ၁ ခုဖြစ်ပြီး ပြည်သူတွေဆီ အဆင့်ဆင့် ချပြသွားမယ့် အစီအစဉ်တွေရဲ့ ပထမဆုံးအဆင့် ဖြစ်တယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတတွေဟာ နိုင်ငံရဲ့ အကြီးမားဆုံး ဘုံဆိုင်ပစ္စည်းတွေဖြစ်ပြီး သယံဇာတတွေက ရရှိတဲ့ ဝင်ငွေဟာ ပြည်သူလူထုရဲ့ ဝင်ငွေတွေဖြစ်ပေမယ့် ကာလကြာရှည် ဖုံးကွယ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာ တာဝန်ခံမှုကင်းမဲ့တဲ့ အဲဒီဝင်ငွေတွေဟာ စစ်အုပ်စုရဲ့ ဘဏ္ဍာရေး အသက်သွေးကြော ဖြစ်လာခဲ့ပြီး ပြည်သူလူထုအပေါ် ရက်စက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်ဖို့ ထောက်ပံ့ပေးနေခဲ့တယ်လို့ ဝန်ကြီးဌာနက ထောက်ပြထားပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ်အထိ ထုတ်ယူရေးလုပ်ငန်းတွေ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအစီအစဉ် (EITI) ရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ EITI စံနှုန်း၊ ပွင့်လင်းတဲ့ စာချုပ်ချုပ်ဆိုမှု ဒေတာစံနှုန်း (OCDS) နဲ့ ပွင့်လင်းတဲ့ အစိုးရ မိတ်ဖက်အဖွဲ့ (OGP) ရဲ့ မူတွေအပေါ် မြန်မာနိုင်ငံရဲ့ ကတိကဝတ်ကို ခြွင်းချက်မရှိ ပြန်လည်အတည်ပြုတယ်လို့ ဖော်ပြထားပါတယ်။

 

MOEEC ဝန်ကြီးဌာနဟာ စွမ်းအင်ကဏ္ဍရဲ့ ပွင့်လင်းမြင်သာတဲ့ စာရင်းရှင်းတမ်းတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ အဆင့်ဆင့်၊ တစ်ပိုင်းပြီးတစ်ပိုင်း ဆက်လက်ထုတ်ပြန်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။ အဲဒီ အစိတ်အပိုင်းတွေမှာ စီမံအုပ်ချုပ်တဲ့ စာချုပ်နဲ့ သဘောတူညီချက်တွေ၊ အဓိကစီမံကိန်းတွေရဲ့ လွတ်လပ်တဲ့ သုံးသပ်ချက်တွေ၊ ဝင်ငွေတွေ၊ ပေးချေမှုတွေ၊ အကျိုးခံစားခွင့်နဲ့ ပိုင်ဆိုင်မှုတို့ရဲ့ ပြန်လည်တိုက်ဆိုင်စစ်ဆေးချက်တွေ ပါဝင်မယ်လို့ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ဝန်ကြီးဌာနအနေနဲ့ မြန်မာ့တွင်းထွက်သယံဇာတ ထုတ်ယူရေးကဏ္ဍမှာ လက်ရှိ ဒါမှမဟုတ် အတိတ်က ပါဝင်ခဲ့ဖူးတဲ့ ကုမ္ပဏီတိုင်းကို နိုင်ငံတကာစံနှုန်းတွေအတိုင်း ပွင့်လင်းစွာ ထုတ်ဖော်ဖို့နဲ့ ဝန်ကြီးဌာနကို တိုက်ရိုက်ဆက်သွယ်ဖို့ ဖိတ်ခေါ်ထားပါတယ်။

 

မြန်မာနိုင်ငံရဲ့ ဥစ္စာဓနဟာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေသာ ပိုင်ဆိုင်တယ်ဆိုတာနဲ့ အဲဒီသယံဇာတပိုင်ဆိုင်မှု ဘဏ္ဍာငွေ စာရင်းရှင်းတမ်းတွေကို ပြည့်စုံတဲ့အထိ အဆင့်ဆင့် စာရင်းရှင်း တင်ပြသွားမယ်ဆိုတာကိုလည်း NUG လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – ချင်းတွင်းမြစ်အတွင်း ရွှေမျောထုတ်လုပ်နေပုံ