မြန်မာခရိုနီ ဦးကိုကိုလတ်ကို ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရာထူးက ရုပ်သိမ်းခြင်းအပေါ် JFM ကြိုဆို

Author CJ Platform
Categories
Published on May 29, 2026

မြန်မာခရိုနီ ဦးကိုကိုလတ်ကို အိုက်စလန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရာထူးကနေ အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်ရုပ်သိမ်းခဲ့မှုကို ကြိုဆိုတယ်လို့ Justice For Myanmar (JFM) က ဒီကနေ့ မေလ ၂၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

Justice For Myanmar ဟာ အီးယူ (EU) က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အဖွဲ့အစည်းတွေအပါအဝင် ဦးကိုကိုလတ်ရဲ့ စစ်အုပ်စုနဲ့ စီးပွားရေးဆက်နွယ်လုပ်ကိုင်နေမှုတွေအကြောင်း ဖော်ပြထားတဲ့ စာ ၁ စောင်ကို မတ်လ ၂၇ ရက်မှာ အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဆီ ပေးပို့ခဲ့ပြီး ကောင်စစ်ဝန်ရာထူးက ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားပြီး အဲဒီအပေါ် အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်သုံးသပ်စစ်ဆေးမှုတွေ စတင်ခဲ့ပြီးနောက် အခုလို ရာထူးရုပ်သိမ်းမှု ဖြစ်ပေါ်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။

 

အဲဒီပေးစာမှာ အိုက်စလန်နိုင်ငံမှာ အကျုံးဝင်သက်ရောက်နေတဲ့ EU ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ ပါဝင်နေတဲ့ စစ်အုပ်စုက တရားမဝင်ထိန်းချုပ်ထားတဲ့ မြန်မာ့သစ်လုပ်ငန်း (MTE)၊ စစ်အုပ်စုပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့နဲ့ ဦးကိုကိုလတ်အကြား စီးပွားဆက်ဆံလုပ်ကိုင်နေမှု အသေးစိတ်ကို Justice For Myanmar က ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

 

MTE ဟာ စစ်အုပ်စုအတွက် အကျိုးအမြတ် အများအပြား ရရှိစေတဲ့ အဓိကဝင်ငွေရင်းမြစ် ၁ ခုဖြစ်ပြီး MTE ဆီက သစ်ဝယ်ယူမှုတွေဟာ ပြည်သူလူထုအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ငွေကြေးထောက်ပံ့ရာ ရောက်ကာ စစ်အုပ်စုဟာ အဲဒီဝင်ငွေတွေကို အသုံးပြုပြီး ပြည်သူတွေကို တိုက်ခိုက်မှုတွေမှာ လိုအပ်တဲ့ လက်နက်နဲ့ လေယာဉ်ဆီတွေကို ဝယ်ယူနေတယ်လို့ ဆိုထားပါတယ်။

 

အဲဒီတိုက်ခိုက်မှုတွေမှာ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သေစေတာ၊ ဆေးရုံ၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို ဖျက်ဆီးတာနဲ့ ပြည်သူတွေ နေရပ်စွန့်ခွာရတာတွေကို ဖြစ်ပေါ်စေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပါဝင်ကာ အဲဒီတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်တယ်ဆိုတာကိုလည်း ဖော်ပြထားပါတယ်။

 

ဦးကိုကိုလတ်ဟာ MEHL နဲ့ MTE တို့နဲ့ ဘယ်စီးပွားရေးဆက်ဆံမှုမှ မရှိဘူးလို့ ငြင်းဆိုခဲ့ပေမယ့် Justice For Myanmar က ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အဲဒီငြင်းဆိုချက်တွေဟာ သူ့ရဲ့ ကိုယ်ပိုင်ကုမ္ပဏီစာရွက်စာတမ်းတွေ၊ စစ်အုပ်စုဌာနဆိုင်ရာ မှတ်တမ်းတွေနဲ့ တိုက်ရိုက်ဆန့်ကျင်ကွဲလွဲနေတယ်ဆိုတာကိုလည်း ဖော်ပြထားပါတယ်။

 

အစီရင်ခံစာအရ ဦးကိုကိုလတ် ပိုင်ဆိုင်ပြီး ဦးဆောင်နေတဲ့ K K Business Group ဟာ MEHL ဆီက ရန်ကုန်မြို့က Central Hotel ကို ၁၁၅ နှစ် စာချုပ်နဲ့ ငှားရမ်းလုပ်ကိုင်နေပြီး ပေါက်ကြားလာတဲ့ သစ်လေလံမှတ်တမ်းတွေအရ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေအတွင်း MTE ဆီက သစ်ဝယ်ယူတဲ့ ကုမ္ပဏီ ၄၀ ကျော်အနက် အကြီးဆုံး ဝယ်ယူသူ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် အမေရိကန်၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) မှာရှိတဲ့ ဘဏ်စာရင်း ၁ ခုကတစ်ဆင့် စီးပွားရေးလုပ်ဆောင်နေတယ်လို့ သိရပြီး ကိုကိုလတ်အနေနဲ့ MTE၊ MEHL တို့နဲ့ စီးပွားရေးလုပ်ဆောင်နိုင်တာဟာ သူနဲ့ သူ့ရဲ့လုပ်ငန်းစုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ မရှိသေးတာကြောင့်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတွေအနေနဲ့ ကိုကိုလတ်အပါအဝင် K K Business Group နဲ့ ဒါရိုက်တာတွေ၊ ပိုင်ရှင်တွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပေးဖို့ Justice For Myanmar က ဆက်လက် တောင်းဆိုထားပါတယ်။

 

ဓာတ်ပုံ – JFM