ကန့်ဘလူမှာ စစ်ရှောင်ပြည်သူ ၂၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီး

Author CJ Platform
Categories
Published on May 28, 2026

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အရှေ့တောင်ခြမ်းမှာ တောင်ယာလုပ်ကိုင်နေတဲ့ စစ်ဘေးရှောင်ပြည်သူ ၂၀ ကျော်ကို စစ်အုပ်စုက ဒီကနေ့ မေလ ၂၈ ရက် မနက်ပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

 

ဒီကနေ့ မေလ ၂၈ ရက် မနက်ပိုင်းမှာ အထိုင်ချတပ်စွဲထားတဲ့ အင်အား ၄၀ ခန့်ပါ စစ်အုပ်စုစစ်ကြောင်းဟာ ကျေးရွာပတ်ဝန်းကျင်ကို ထွက်လာပြီး တောတိုက်တွေအတွင်း တွေ့ရှိတဲ့ တောင်ယာလုပ်ကိုင်နေသူ စစ်ရှောင်ပြည်သူ အမျိုးသား၊ အမျိုးသမီး ၂၀ ကျော်ကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“သူတို့က (စစ်အုပ်စု) ပြည်သူတွေကို ဖမ်းပြီး ခေါ်သွားတဲ့အချိန်မှာ အော်သွားတယ်။ သူတို့ဆွဲသွားတာကို လှမ်းမပစ်နဲ့၊ ကျည်တစ်ချက်ပစ်ရင် ဖမ်းထားတဲ့သူထဲက တစ်ယောက်ချင်းစီ သတ်ပစ်မယ်လို့ ခြိမ်းခြောက်သွားတာ။ အဲဒါကြောင့် မြေပြင်က တော်လှန်ရေးရဲဘော်တွေလည်း ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်လို့ ဘာမှလုပ်မရဘဲ ဒီအတိုင်း ကြည့်နေခဲ့ရတယ်” လို့ ဒေသခံအမျိုးသား ၁ ဦးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိမှာ အဲဒီဖမ်းဆီးခံရတဲ့ ကျီးကျင်းရွာက စစ်ရှောင်ပြည်သူတွေရဲ့ အသေးစိတ်ကို မသိရသေးဘဲ သူတို့ရဲ့ အသက်အန္တရာယ်အတွက် မိသားစုဝင်တွေနဲ့ ဒေသခံတွေက အထူးစိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။

 

ကန့်ဘလူမြို့နယ် အရှေ့တောင်ခြမ်းမှာ အခု ၂၀၂၆ ခုနှစ် အစောပိုင်းကတည်းက စစ်အုပ်စုက စစ်ကြောင်းထိုး နေရာယူထားတာကြောင့် ကျီးကျင်းရွာက ဒေသခံပြည်သူတွေဟာ ကျေးရွာအတွင်း မနေရဲဘဲ ကျေးရွာအပြင်ဘက် တောတိုက်တွေအတွင်းမှာ စစ်ဘေးရှောင်ရင်း တောင်ယာလုပ်ကိုင်ကာ ရုန်းကန်နေထိုင်နေကြရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်