ရွှေပြည်သာမြို့နယ်က တောကျောင်းလေးသုဿန်ကို ပိတ်သိမ်းပြီး ရောင်းစားရန် ပြင်နေ

Author CJ Platform
Categories
Published on May 28, 2026

ရွှေပြည်သာမြို့နယ်၊ လှော်ကားလမ်းမကြီးဘေးက နေရာအချက်အချာကျတဲ့ တောကျောင်းလေးသုဿန်ကို ပိတ်သိမ်းဖို့ လုပ်နေပြီး လုပ်ငန်းရှင် ၁ ယောက်ယောက်လက်ထဲ ရောင်းချသွားမယ့် အခြေအနေရှိတယ်လို့ ရန်ကုန်မြို့တော်စည်ပင်ဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

 

တောကျောင်းလေးသုဿန်ဟာ ရန်ကုန်စည်ပင်နဲ့ ဂျပန်နည်းပညာအဖွဲ့ JFE (Japan Future Engineering) တို့ ပူးပေါင်းပြီး စွန့်ပစ်အမှိုက်ကနေ စွမ်းအင်ထုတ်တဲ့စက်ရုံမြေ ၁၅ ဧကနီးပါး အကျယ်ထဲမှာ တစ်ဆက်တည်း ရှိနေတာလို့ ဆိုပါတယ်။

 

စည်ပင်သာယာဌာနနဲ့ နီးစပ်တဲ့ ရွှေပြည်သာမြို့နယ်က အိမ်၊ ခြံ၊ မြေလုပ်ငန်း လုပ်ကိုင်နေသူ ၁ ဦးက “စွမ်းအင်ထုတ်စက်ရုံစီမံကိန်း ထပ်ချဲ့မှာလို့လည်း ကြားတယ်။ အကြီးပိုင်း ၁ ယောက်ကို ရောင်းလိုက်တယ်လို့လည်း ကြားတယ်။ ဖြစ်နိုင်ခြေများတာက ပတ်သက်ဆက်စပ်တဲ့သူလက်ထဲ ရောက်သွားမှာ၊ ဒီလိုပဲ ထင်တယ်” လို့ ပြောပါတယ်။

 

တောကျောင်းလေးသုဿန်ကို ပိတ်သိမ်းမှာဖြစ်လို့ မြှုပ်နှံထားတဲ့ အုတ်ဂူတွေနဲ့ ရုပ်အလောင်းတွေကို ဇွန်လ ၂ ရက်မှာ ဖယ်ရှားရှင်းလင်းသွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကလည်း အသိပေးထားပါတယ်။

 

အဲဒါကြောင့် အုတ်ဂူပိုင်ရှင်တွေ အမြန်ဆုံးဆက်သွယ်ဖို့နဲ့ သတ်မှတ်ရက်ကျော်ရင် ဖယ်ရှားရှင်းလင်းမယ်လို့လည်း ဆိုပါတယ်။

 

တောကျောင်းလေးသုဿန်ဟာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ မြေပိုင်ဆိုင်မှုအောက်မှာ ရှိတာဖြစ်ပြီး ကျူချောင်းသုဿန် မပေါ်ခင်က ရွှေပြည်သာမြို့နယ်ထဲက နာရေးတွေအတွက် အဓိက အသုံးပြုခဲ့တာလို့ အဲဒီမြို့နယ်မှာ နေထိုင်သူတွေက ဆိုပါတယ်။

 

ရွှေပြည်သာမြို့နယ်မှာ နေထိုင်တာကြာပြီဖြစ်တဲ့ နယ်ခံ ၁ ဦးက “ကျူချောင်းသုဿန် မဖွင့်ခင်က သွားရေးလာရေး ပိုအဆင်ပြေတဲ့ အဲဒီသုဿန်မှာ မီးသင်္ဂြိုဟ်စက် ထားပေးဖို့ တောင်းဆိုခဲ့ကြဖူးတယ်။ မြေလည်း တော်တော်ကျယ်တယ်။ လမ်းမကြီးဘေးဆိုတော့ နေရာကောင်းဆိုတော့ ရောင်းစားဖို့ ဖြစ်လောက်တယ်” လို့ ပြောပါတယ်။

 

ရန်ကုန်မြို့က သုဿန်မြေတွေဟာ စည်ပင်ရဲ့ လက်အောက်မှာ ရှိနေပြီး အရင်ကလည်း အထင်ကရသုဿန်တွေဖြစ်တဲ့ ကြံတောသုဿန်၊ တာမွေသုဿန်မြေတွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆီ လက်သိပ်ထိုးရောင်းချခဲ့တဲ့ အစဉ်အလာတွေ ရှိခဲ့ပါတယ်။

 

လက်ရှိ ရန်ကုန်မြို့မှာ နာရေးအတွက် ရေဝေး၊ ထိန်ပင်၊ ကျူချောင်း၊ ကျီစု စတဲ့ သုဿန်တွေကို အဓိက အသုံးပြုနေပြီး မြို့နယ်အလိုက် ပို့ရမယ့်နေရာ ခွဲထားသလို နဂိုရပ်ရွာထဲရှိခဲ့တဲ့ သုဿန်တွေကို ဆက်အသုံးပြုခွင့်မပေးတာမျိုးတွေလည်း ရှိတယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်