တညင်းကုန်းဈေးမှာ ပြိုင်ဘီးစီးလာတဲ့ အမျိုးသား ၁ ဦး ကားကြိတ်ခံရပြီး သေဆုံး
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းဈေးအနီးမှာ ဒီကနေ့ မေ ၂၆ရက် မနက် ၆ နာရီက ပြိုင်ဘီးစီးလာတဲ့ အသက် ၇၀ အရွယ် အမျိုးသား ၁ ဦး ကားကြိတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ မနက် ၆ နာရီက တညင်းကုန်းဈေးအနီးမှာ ကားကြိတ်ခံရပြီး အမျိုးသား ၁ ဦး သေဆုံးနေတာကြောင့် ဈေးသူဈေးသားတွေဟာ လူမှုကူညီရေးအသင်းကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ ဈေးသည် ၁ ဦးက CJ Platform ကို ပြောပါတယ်။
“မနက်စောစော ဈေးလာတဲ့သူတွေ တွေ့လို့ ကနောင်လူမှုကူညီရေးအသင်းကို ဖုန်းဆက်လိုက်တာ။ ဘယ်လိုကားကြိတ်ခံရပြီး သေလဲတော့ မသိဘူး။ ကားက ခေါင်းကိုပဲ ကြိတ်သွားတာ။ ခြေထောက်တွေ၊ လက်တွေက ဘာမှမဖြစ်ဘူး။ ကျွန်တော့်အထင် ပြောရရင် စက်ဘီးလဲပြီး ကားအောက် ဝင်သွားတာဖြစ်မယ်” လို့ ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာကို ယာဉ်ထိန်းရဲနဲ့ ကနောင်လူမှုကူညီရေးအသင်းများ ရောက်လာပြီး သေဆုံးသူ အမျိုးသားကို အင်းစိန်မြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ယာဉ်ထိန်းရဲနဲ့ နီးစပ်သူ ၁ ဦးက CJ Platform ကို ပြောပါတယ်။
“သေဆုံးသူက အသက် ၇၀ လောက် ရှိပါပြီ။ အင်းစိန်၊ ရွာမအရှေ့ရပ်ကွက်မှာ နေတာ။ မိသားစုနဲ့လည်း အဆက်အသွယ်ရပါတယ်။ အမှုကတော့ စစ်ဆေးနေဆဲပဲ။ ဒီလထဲ ရန်ကုန်မှာ ယာဉ်တိုက်မှုကြောင့် သေတာများတယ်” လို့ ရှင်းပြပါတယ်။
မေလ ၁၅ ရက် မနက် ၁၀ နာရီခွဲက သန်လျင်မြို့နယ်၊ မိုးကောင်းဘုရားအနီးမှာ စက်ဘီးစီးလာတဲ့ အမျိုးသား ၁ ဦး ကားနဲ့တိုက်ခံရပြီး သေဆုံးခဲ့သလို ညနေ ၆ နာရီမှာ တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမပေါ် ခြောက်တိုင်ကွေ့ကျေးရွာအနီးမှာ အမျိုးသား ၁ ဦး ကားတိုက်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
အလားတူပင် မေလ ၁၁ ရက် ည ၁၂ နာရီဝန်းကျင်ကလည်း ဥက္ကံမြို့၊ ဘွက်ကုန်းကျေးရွာအနီးမှာ ရပ်ထားတဲ့ အိမ်စီးကားကို ၂၂ ဘီးကားက ဝင်တိုက်ခဲ့လို့ အမျိုးသား ၁ ဦးနဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် မေလ ၈ ရက်က အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံအနီး YBS 88 ဂိတ်မှာ အမျိုးသမီး ၁ ဦး ဘတ်စ်ကားကြိတ်ခံရပြီး သေဆုံးခဲ့သလို မေလ ၆ ရက် မနက် ၈ နာရီကလည်း မှော်ဘီမြို့နယ်၊ အမှတ် (၄) လမ်းမကြီး မိုင်တိုင်အမှတ် ၉ မိုင် ၅ ဖာလုံနဲ့ ၆ ဖာလုံအကြားမှာ အမျိုးသား ၁ ဦး ကားနဲ့တိုက်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
ဓာတ်ပုံ – ကနောင်နာရေး၊ ရှင်ရေးကူညီမှုအသင်း
