ယောဒေသမှာ စစ်အုပ်စုစစ်ကြောင်းကြောင့် စစ်ရှောင်ဦးရေ ၁ သောင်းကျော် အခြေခံစားနပ်ရိက္ခာလိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေရ

Author CJ Platform
Categories
Published on May 27, 2026

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင်းမှာ စစ်အုပ်စုက အင်အား ၂၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာပြီး ကျောက်ထုမြို့အထိ တပြင်းစစ်ကြောင်းက ရွေ့လျားလာတာကြောင့် စစ်ဘေးရှောင် ၁ သောင်းကျော် အခြေခံစားနပ်ရိက္ခာ လိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အခု မေလ ဒုတိယပတ်က စတင်ကာ လက်ရှိ အချိန်ထိ စစ်အုပ်စုတပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ဆောမြို့အပါအဝင် ဆောမြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာက ပြည်သူ ၇၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး တပြင်းစစ်ကြောင်းက ကျောက်ထုအထိ ရွေ့လျားလာတာကြောင့် ကျောက်ထု-တပြင်း လမ်းပိုင်းက တပြင်း၊ အညာပန်းပလွန်း၊ အကြည်ပန်းပလွန်း၊ ရွာသာ၊ နသိုး၊ ကျောက်မ၊ သရက်ချဉ်၊ မိအယ်ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၉ ရွာအထိ ရှိလာပြီး စစ်ရှောင်ဦးရေ ၁ သောင်းကျော်အထိ ရှိလာပါတယ်။

 

“မိုးတွင်းကာလဆိုတော့ တောထဲရှောင်ကြတဲ့သူတွေ ဒုက္ခပိုရောက်ကြတာပေါ့။ စစ်ရှောင်တဲလို့လည်း မရှိတော့ အမိုးအကာ မလုံကြဘူး။ အဓိက လိုအပ်လာမှာက စားနပ်ရိက္ခာပါပဲ” လို့ ကျောက်ထုဒေသခံ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးက ပြောပါတယ်။

 

လက်ရှိအခြေအနေမှာ စစ်ဘေးရှောင်တွေကို စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်တာတွေအပြင် လူသားဒိုင်းအဖြစ် ပြုလုပ်တာတွေလည်း ရှိတယ်လို့ ဒေသတွင်းသတင်းမီဒီယာ YAW Media က ဖော်ပြထားပါတယ်။

 

စစ်အုပ်စုတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ကျောက်ထုတိုက်နယ်အတွင်း အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ တောတောင်တွေထဲ အရေးပေါ် စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေများတာကြောင့် စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မိုးရာသီကာလကို ရောက်ရှိလာတာကြောင့် တောတောင်ထဲ စစ်ရှောင်နေကြရတဲ့ ပြည်သူတွေအနေနဲ့ အမိုးအကာ လိုအပ်ချက်အပြင် ရေကောင်းရေသန့် ရှားပါးမှုကိုပါ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

“ချောက်ရေ သောက်ရတာပေါ့။ မိုးတွင်းဆိုပေမယ့် ရေကောင်းရေသန့် မဟုတ်ဘူး။ တောထဲနေကြသူတွေက မိုးပြတ်ရင် ပြတ်သလို ချိုးရေကအစ ခက်ခဲကြတယ်” လို့ ဆောဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသမီးက ပြောပါတယ်။

 

အခုလက်ရှိအချိန်မှာ စစ်အုပ်စုက ပခုက္ကူမြို့ကနေ တော်လှန်ရေးအားကောင်းရာ ယောဒေသကို ကုန်စည်သယ်ယူခွင့်တွေ ဖြတ်တောက်ခဲ့တာကြောင့် ကုန်စည်ပြတ်လပ်မှုတွေ ရှိလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

 

စစ်အုပ်စုဟာ ရက် ၁၀၀ စီမံကိန်းနဲ့ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ပေါက်၊ မြိုင်၊ မြစ်ခြေနဲ့ ယောဒေသကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေချိန်မှာ အခုလို ကုန်စည်စီးဆင်းမှုတွေ ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။

 

လက်ရှိမှာ စစ်အုပ်စုဟာ မကွေးတိုင်း၊ ဆောမြို့နယ်ကို အင်အားထောင်ချီသုံးကာ စစ်ကြောင်းထိုးနေပြီး ချင်းပြည်တောင်ပိုင်းကို ထိုးစစ်ဆင်နေပါတယ်။

 

ဓာတ်ပုံ – ပေးပို့