ဖွဲ့စည်းပုံအားနည်းချက်နဲ့ စီမံမှုလွဲမှားခြင်းကြောင့် စစ်တပ်က ခေတ်အဆက်ဆက် အာဏာသိမ်းခဲ့ရတယ်လို့ မင်းအောင်လှိုင် ပြော

Author CJ Platform
Categories
Published on May 27, 2026

စစ်တပ်အနေနဲ့ ခေတ်အဆက်ဆက် အာဏာလုယူခဲ့မှုတွေဟာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အားနည်းချက်တွေနဲ့ နိုင်ငံတွင်း မတည်ငြိမ်မှု၊ စီမံမှုအလွဲတွေ စတဲ့အချက်တွေကြောင့်သာ ခေတ်အဆက်ဆက် အာဏာသိမ်းရတာဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

 

မနေ့က မေ ၂၆ ရက် မနက်ပိုင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ မင်းအောင်လှိုင်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

 

သူ့ရဲ့ ပြောဆိုချက်အရ လွတ်လပ်ရေးရပြီးချိန်ကတည်းက နိုင်ငံရေးမတည်ငြိမ်မှုတွေကို ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အားနည်းချက်ကြောင့် နိုင်ငံရေးပဋိပက္ခတွေ ကြီးမားလာခဲ့တာဖြစ်ပြီး နိုင်ငံရေးနဲ့ လုံခြုံရေးအရ တည်ငြိမ်မှုမရှိတာကြောင့် ၁၉၅၈ ခုနှစ်မှာ အိမ်စောင့်အစိုးရ၊ ၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီက နိုင်ငံ့တာဝန်ကို မဖြစ်မနေ ထမ်းဆောင်ခဲ့ရတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

 

ဒါ့အပြင် ၁၉၈၈ ခုနှစ်မှာ စစ်တပ်က နိုင်ငံတော်တာဝန်ကို ထပ်မံထမ်းဆောင်ခဲ့ရပြီး ၂၀၂၁ ခုနှစ်မှာ သူကိုယ်တိုင်ဦးဆောင် အာဏာသိမ်းခဲ့ရတာကိုလည်း ပြည်တွင်းမတည်ငြိမ်မှု၊ စီမံခန့်ခွဲမှုလွဲမှားမှုနဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုစတဲ့ ခေါင်းစဉ်တွေနဲ့ အကြောင်းပြပြောဆိုခဲ့ပြီး စစ်တပ်အနေနဲ့ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် အမြဲတမ်း တင်ပေးခဲ့ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

 

အဲဒီ မိန့်ခွန်းအတွင်းမှာ စစ်အုပ်စုရဲ့ မတရားအာဏာလုယူမှုကြောင့် တော်လှန်ရေး ပေါ်ပေါက်လာရတာမဟုတ်ဘဲ လက်ရှိ နွေဦးတော်လှန်ရေးအတွင်း ပါဝင်နေကြတဲ့ PDF အဖွဲ့တွေနဲ့ လူငယ်တွေဟာ သူတို့ရဲ့ ပညာရေးအားနည်းချက်ကို နိုင်ငံရေးသမားတွေက အသုံးချကာ သွေးထိုးလှုံ့ဆော်ခဲ့တာကြောင့် အခုလို လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတာဖြစ်တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

 

 

 

Related News

Depend on news