ကော့သောင်းမြို့မဈေးကြီးမှာ အုပ်စုဖွဲ့ ရွှေခိုးသူတွေ ဖမ်းမိ
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ အဏ္ဏဝါရပ်ကွက်၊ မြို့မဈေးကြီးက ရွှေဆိုင်တွေမှာ အုပ်စုဖွဲ့ ရွှေလိုက်ခိုးသူတွေကို မေလ ၂၅ ရက် မွန်းလွဲ ၁၂နာရီခွဲခန့်မှာ စစ်အုပ်စုလက်အောက်ခံရဲတွေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြို့မဈေးကြီးမှာ ဖွင့်လှစ်ထားတဲ့ “စန်းပြည့်စုံ” ရွှေဆိုင်မှာ တစ်ကျပ်သား ရွှေဆွဲကြိုး ၅ ကုံး လာခိုးရာမှ ရွှေဆိုင်ဘက်က ရဲစခန်းတိုင်ကြားခဲ့ပြီးနောက် ဖမ်းမိခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“စန်းပြည့်စုံ ရွှေဆိုင်ကို အမျိုးသမီး ၂ ယောက် ရောက်လာပြီး ရွှေထည်ပစ္စည်းတွေ ပြခိုင်းတယ်။ သူတို့လည်း ဆိုင်ကထွက်သွားရော တစ်ကျပ်သား ရွှေဆွဲကြိုး ၅ ကုံး ပျောက်သွားရော။ ဆိုင်ရှင်က ရဲစခန်းအကြောင်းကြားပြီး လိုက်ရှာတာ ညနေဘက်မှာ အုပ်စုလိုက် ဖမ်းမိတယ်” လို့ ပြောပါတယ်။
ရွှေဆွဲကြိုး ခိုးယူသွားသူတွေကို စစ်အုပ်စုလက်အောက်ခံရဲတွေက လိုက်လံရှာဖွေရာ အောင်သုခရပ်ကွက်၊ ညောင်ပင်သာလမ်းသွယ်က နေအိမ်တစ်အိမ်မှာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၅ ဦးကို ရွှေဆွဲကြိုး ၅ ကုံးနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရလာတဲ့ ရွှေဆွဲကြိုးတွေ ခွဲဝေနေတဲ့အချိန် မိတာ။ ဒီအဖွဲ့က မြို့မဈေးကြီးနဲ့ မြို့ပေါ်က ရွှေဆိုင်တွေမှာ လက်လှည့်အတတ်ပညာနဲ့ ၂ ယောက်တစ်တွဲ၊ ၃ ယောက်တစ်တွဲ လိုက်ခိုးနေတာ။ အခုက တစ်ဖွဲ့လုံးကို မိတာ” လို့ ပြောပါတယ်။
ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ ဦးဝင်းထွဋ်၊ မဝင်းဌေး၊ ဒေါ်မြင့်အေး၊ ဒေါ်လှလှလွင်၊ ဒေါ်ချိုအေး၊ ဒေါ်ကြည်ပြာအောင်တို့ကို ကော့သောင်းမြို့မရဲစခန်းက နောက်ဆက်တွဲအမှုတွေ ရှိ၊ မရှိကို စစ်ဆေးနေတယ်လို့ သတင်းအရင်းအမြစ်က ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ ရက်က ကော့သောင်းမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင်မှာ အမျိုးသမီး ၃ ယောက်က ပစ္စည်းမျိုးစုံ ပြခိုင်းပြီး အရောင်းဝန်ထမ်းက ပြသတဲ့အချိန်မှာ ဆွဲကြိုး ၂ ကုံးနဲ့ လက်စွပ် ၃ ကွင်း ခိုးယူသွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ – Pro – SAC
