CDM ကျောင်းဆရာအပါအဝင် သံဃာ ၁ ပါးနဲ့ အမျိုးသား ၂ ဦးကို စစ်အုပ်စုက သတ်ဖြတ်၊ ရွာသာရွာကို မီးရှို့ဖျက်ဆီးပြီး ရွာသား ၁ ဦးကိုလည်း သတ်ဖြတ်သွား
မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် တပြင်းကျေးရွာကို မေ ၂၂ရက်က တပ်ကူအဖြစ် ရောက်ရှိလာတဲ့ အင်အား ၃၀၀ခန့်ပါဝင်လာတဲ့ စစ်အုပ်စု စစ်ကြောင်းဟာ မေ ၁၅ရက်ကတည်းက ရောက်ရှိနေတဲ့ စစ်အုပ်စု စစ်ကြောင်းနဲ့ ပူးပေါင်းပြီးနောက် တပြင်းဒေသက စစ်ရှောင် ၅၀ဦးခန့်ကို ဖမ်းဆီးပြီး အမျိုးသား ၄ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သတ်ဖြတ်ခံရသူတွေထဲမှာ CDM ကျောင်းဆရာ ၁ ဦးလည်း ပါဝင်ပြီး သံဃာ ၁ ပါးအပါအဝင် အမျိုးသား ၂ ဦးကို သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
“ဝေးပါတယ်ဗျာ၊ စစ်ရှောင်တဲ့နေရာက။ သူတို့က အင်အားအများကြီးနဲ့ ဝိုက်လာတော့ တောထဲက စစ်ရှောင်တွေ ဖမ်းမိကုန်တယ်။ မီးရှို့လူသတ်ပြီး ငြိမ်းချမ်းရေး ပါးစပ်ကမချကြဘူးဗျာ” လို့ အသက် ၃၈ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် မေလ ၁၈ ရက်ကလည်း တပြင်းကျေးရွာမှာ ပိတ်မိနေခဲ့တဲ့ စိတ်ကျန်းမာရေးမကောင်းသူ အသက် ၃၄ နှစ် အရွယ် အမျိုးသားတစ်ဦးကိုလည်း စစ်အုပ်စုက သတ်ဖြတ်ခဲ့ပါသေးတယ်။
အဲဒီ တပြင်းကျေးရွာက တက်လာတဲ့ စစ်အုပ်စုအင်အား ၃၀၀ ခန့်ပါ ရှေ့ပြေးစစ်ကြောင်းဟာ ဒီကနေ့ မေလ ၂၆ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ကျောက်ထုတိုက်နယ်၊ ရွာသာရွာကို စတင်မီးရှို့ခဲ့ပြီး ရွာသား ၁ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ မေလ ၂၅ ရက်မှာ အကြည်ပန်းပလွန်းကျေးရွာမှာ ညအိပ်ရပ်နားခဲ့ပြီး မေလ ၂၅ ရက်မှာ နသိုးကျေးရွာကို ရောက်ရှိကာ မေလ ၂၆ ရက်မှာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ရွာသာရွာကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
“ရွာသာရွာကို မီးရှို့နေပြန်ပြီ။ ပြောချင်တာက ဘာလို့ ပြည်သူတွေကို သတ်လဲဗျာ။ ပြည်သူ့အိုးအိမ် မီးရှို့လဲဗျာ။ ရန်သူနဲ့ မျက်နှာချင်းဆိုင် တိုက်ကြတဲ့တိုက်ပွဲတွေ ရှိနေတာပဲ။ ပြည်သူကို ပြည်သူလိုမဆက်ဆံဘဲ အကြမ်းဖက်နေတာကို ကျွန်တော်တို့ကလည်း မကြိုက်တာ” လို့ အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
တပြင်းကျေးရွာက ထွက်လာတဲ့ ရှေ့ပြေးအင်အား ၃၀၀ ဝန်းကျင်အပြင် စစ်ကားအစီးရေ ၃၀ ကျော်နဲ့ အင်အား ၁၀၀၀ ကျော် စစ်ကြောင်းကလည်း တပြင်းကျေးရွာက ထွက်လာနေပြီး အဆိုပါစစ်ကြောင်းကို ကြိုဖို့ ကျောက်ထု အမတ (၃၆၈) က ဖောကား ၂ စီး လွှတ်ပေးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အင်အား ၁၃၀၀၊ ၁၄၀၀ ရှိမယ်ဗျ။ အင်အားများတော့ ဝိုက်ပြီး တက်လာတာ။ စစ်ကြောင်းထိုးရာ လမ်းဘေးတစ်လျှောက်က ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိတယ်” လို့ အသက် ၂၉ နှစ်ဝန်းကျင် ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။
မနေ့က မေလ ၂၅ ရက်မှာပဲ ညောင်ဦးမြို့က ယာဉ်တန်း ၂၆ စီးနဲ့ စစ်အုပ်စုတပ်သား၊ ပြည်သူ့စစ်တပ်သား ၃၀၀ ကျော်ကလည်း ည ၁၁ နာရီမှာ ဆိပ်ဖြူ ကပစ (၂၂) ထဲ အင်အားထပ်ဖြည့် ရောက်ရှိနေပြီး ဒီကနေ့နံနက် မေလ ၂၆ ရက်မှာလည်း Y-12 ထောက်ပို့လေယာဉ်နဲ့ ဆောနဲ့ ကန်ပက်လက်အစပ် ဒေသအခေါ် ၆ မိုင်မှာ စခန်းချနေတဲ့ စစ်ကြောင်းကို ရိက္ခာချပေးခဲ့တယ်လို့ သိရပါတယ်။
ယောဒေသမှာ စစ်ရေးများ ပြင်းထန်နေပြီး လက်ရှိ စစ်ရေးအခြေအနေတွေကြောင့် လိုအပ်ချက်တွေ ပိုများနိုင်လို့ Yaw Army Fundraising-YAF မှာ ပိုမိုပါဝင်ပေးကြဖို့ YAW ARMY က တိုက်တွန်းထားပါတယ်။
စစ်အုပ်စုဟာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေကို စစ်ကြောင်းထိုးကာ ချင်းပြည်တောင်ပိုင်းကို မိုးမကုန်ခင် ပြန်လည်ရယူနိုင်ဖို့ သာလွန်အင်အား၊ သာလွန်လက်နက်တွေ အသုံးပြုကာ ယောဒေသကို ခြေကုပ်ယူနိုင်ဖို့ ထိုးစစ်ဆင်နေပါတယ်။
ဓာတ်ပုံ – ပေးပို့
