တောင်ကြီးမြို့မှာ Vape-Potနဲ့ Shisha ရောင်းဝယ်သူ ၃ ဦး ဖမ်းဆီးခံရ
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ မေ ၂၁ ရက် ညပိုင်းက Vape-Pot ရောင်းချသူနဲ့ Shisha အိုး လက်ဝယ်ထားရှိသူ ၃ ဦးကို ရပ်ကွက် ၃ ခုမှာ စစ်အုပ်စုလက်အောက်ခံရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ညက စစ်အုပ်စုလက်အောက်ခံရဲတွေက ကျောင်းကြီးစုရပ်ကွက်၊ ကံသာရပ်ကွက်နဲ့ မင်္ဂလာဦးရပ်ကွက် ၃ ခုမှာ Vape-Pot ရောင်းချတဲ့ဆိုင်နဲ့ Shisha အိုး ထားတဲ့ KTV တွေကို ဝင်ဖမ်းခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ကျောင်းကြီးစုရပ်ကွက်နဲ့ ကံသာရပ်ကွက်က Vape-Pot တွေ ရောင်းတဲ့ဆိုင်တွေ ဝင်ဖမ်းတာ။ ရောင်းတဲ့ ကောင်လေးနှစ်ယောက် ပါသွားတယ်၊ ပစ္စည်းတွေလည်း သိမ်းသွားတယ်။ မင်္ဂလာဦးရပ်ကွက်က KTV ကို ဝင်ဖမ်းတာ Shisha အိုးတွေ တွေ့လို့ မန်နေဂျာကိုပါ ဖမ်းသွားတယ်” လို့ ပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားတဲ့ Vape-Pot, Shisha အိုးနဲ့ ဆက်စပ်ပစ္စည်းတွေကို လက်ဝယ်ထားရှိပြီး ရောင်းချသူ အမျိုးသား ၃ ဦး ဖမ်းဆီးတာလို့ လုပ်ငန်းရှင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရက် ၁၀၀ စီမံချက်မှာ တောင်ကြီးမြို့က Vape (ဗိပ်) တွေ၊ Shisha (ရှီးရှား) တွေ အဖမ်းခံရတာ ပထမဦးဆုံးပဲ။ ၂ လပိုင်းကတည်းက ဖမ်းမယ်ဆိုပြီး စာထုတ်ထားတာ” လို့ ရှင်းပြပါတယ်။
လတ်တလောမှာ တောင်ကြီးမြို့မရဲစခန်းက Vape-Pot နဲ့ Shisha တွေကို ရောင်းချသူလို့ စွပ်စွဲခံထားရသူ ကိုနေမင်းထက်၊ ကိုစိုးမင်းကျော်နဲ့ ကိုကျော်မျိုးလွင်တို့ ၃ ဦးကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နဲ့ အရေးယူထားတယ်လို့ ပြောပါတယ်။
အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ မှာ ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ပြီး ကျပ် ၅ သိန်းထက်မပိုတဲ့ ငွေဒဏ်လည်း ချမှတ်ခံရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်က အီးစီးကရက်၊ Vape နဲ့ ဆက်စပ်ပစ္စည်း ၃၂ မျိုးကို စစ်အုပ်စုက ပိတ်ပင်တားမြစ်လိုက်ပြီး သုံးစွဲတာ၊ ရောင်းချတာ၊ တင်သွင်းဖြန့်ဖြူးရင် ဥပဒေအရ အရေးယူသွားမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – Pro – SAC
