နေရွှေဝင်းစက်ရုံ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခွင့် မှတ်ပုံတင်ရန် တင်ပြမှု အချိန်ဆွဲခံထားရ
နေရွှေဝင်းအထည်ချုပ်စက်ရုံမှာ အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခွင့် မှတ်ပုံတင်ဖို့ တင်ပြထားတာနဲ့ပတ်သက်လို့ အကြောင်းပြန်ကြားတာမရှိဘဲ အချိန်ဆွဲခံထားရတယ်လို့ အဲဒီစက်ရုံအလုပ်သမားတွေဘက်က ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။
အဲဒီစက်ရုံမှာ အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းဖို့အတွက် မတ်လ ၂၃ ရက်ကတည်းက မြို့နယ်မှတ်ပုံတင်အရာရှိဆီ အလုပ်သမားတွေက ဖွဲ့စည်းခြင်းဆိုင်ရာ အချက်အလက် ပုံစံ (၂) နဲ့ တင်ပြထားတာ ဖြစ်ပါတယ်။
အခြေခံအလုပ်သမားအဖွဲ့အစည်း မှတ်ပုံတင်ခြင်းကို စိစစ်ပြီး တင်ပြလျှောက်ထားတာ လက်ခံရရှိတဲ့နေ့ကနေ ရက် ၆၀ အတွင်း ခွင့်ပြုတယ်၊ ခွင့်မပြုဘူးဆိုတာ အသိပေးအကြောင်းပြန်ရမှာဖြစ်ပေမယ့် အခုအချိန်အထိ (မေလ ၂၁ ရက်တွင် ရက် ၆၀ ပြည့်) အကျိုးအကြောင်းမသိရဘူးလို့ အလုပ်သမားတွေနဲ့ STUM က ဆိုပါတယ်။
ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အလည) အနေနဲ့ အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းမယ့်အပေါ် စစ်ဆေးရမှာ မစစ်ဆေးဘဲ ဥပဒေပြဋ္ဌာန်းချက်ကျော်လွန်ကာ အချိန်ဆွဲနေတာဖြစ်တယ်လို့ STUM က ဝေဖန်ထောက်ပြထားပါတယ်။
“အဖွဲ့အစည်းစာရွက် လက်ခံထားပြီး၊ စစ်ဆေးစရာရှိတာ မစစ်ဆေးဘဲ EC နဲ့ အဖွဲ့ဝင်တွေ အလုပ်ပြုတ်မှ စက်ရုံထဲဝင်စစ်တယ်ဆိုတော့ ဥပဒေအရ ဘယ်သူက ကျော်နေတာလဲ သိရတာပေါ့” လို့ STUM မှ တာဝန်ရှိသူက ပြောပါတယ်။
အလညမှ အဲဒီအခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခွင့် မှတ်ပုံတင်ခြင်းကို ခွင့်ပြုရင် အသိအမှတ်ပြုပုံစံ (၆) ထုတ်ပေးဖို့နဲ့ ခွင့်မပြုနိုင်ရင်လည်း ငြင်းပယ်ကြောင်း အကြောင်းကြားစာပုံစံ (၈) ထုတ်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုထားပြီး ပုံစံ (၈) ရခဲ့ရင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဆီ ဆက်လက်လျှောက်ထားသွားမယ်လို့ STUM က အသိပေးထားပါတယ်။
ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေနဲ့ အလုပ်သမားအဖွဲ့အစည်း တင်ပြမှုကို ပစ်ပယ်ထားပေမယ့် အလုပ်သမားတွေရဲ့ ဖွဲ့စည်းမှုပုံစံ တင်ပြတဲ့အချက်အလက်ကို စက်ရုံဆီ ပေးပို့ခဲ့လို့ အဖွဲ့အစည်းမှာပါဝင်သူအချို့ ရည်ရွယ်ချက်ရှိရှိ အလုပ်ထုတ်ခံထားရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
နေရွှေဝင်းအထည်ချုပ်စက်ရုံက လုပ်ငန်းအခြေအနေအရဆိုပြီး အလုပ်သမား ၁၉ ဦးကို မေလ ၉ ရက်မှာ အလုပ်ထုတ်ခဲ့တာဖြစ်ပြီး အဲဒီထဲမှာ အလုပ်သမားအဖွဲ့အစည်းထဲက သမဂ္ဂခေါင်းဆောင်နဲ့ အဖွဲ့ဝင် ၁၀ ဦး ပါနေခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို အလုပ်သမားသမဂ္ဂဝင်တွေ အလုပ်ထုတ်ခံရတာနဲ့ပတ်သက်လို့ မြို့နယ်အလုပ်သမားရုံးမှာ တိုင်ကြားခဲ့ကြပြီး မေလ ၁၉ ရက်က နှစ်ဖက်ခေါ်ယူ ရှင်းလင်းစေခဲ့ပေမယ့် ပြေလည်မှုမရခဲ့ဘူးလို့ ဆိုပါတယ်။
အလုပ်သမားသမဂ္ဂဝင် ၁၀ ဦး အလုပ်ထုတ်ခံရလို့ ကန့်ကွက်တောင်းဆိုခဲ့ကြတဲ့ အလုပ်သမား ၈၄ ဦးကို စက်ရုံခြံဝင်းထဲမဝင်ဖို့ မူလက တားမြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ညှိနှိုင်းသဘောတူညီချက်ယူကာ လုပ်ငန်းခွင် ပြန်ဝင်ခွင့်ပေးခဲ့ပါတယ်။
ဓာတ်ပုံ – STUM
