အွန်လိုင်းဂိမ်းရှုံးလို့ ငွေလိုတဲ့ ကျောင်းဆရာမက တစ်ရွာတည်းနေ အမျိုးသမီးကိုသတ်ပြီး ပစ္စည်းလု
ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့ မြင်းမူကျေးရွာမှာ မေ ၁၉ရက်က အွန်လိုင်းဂိမ်းရှုံးပြီး ငွေလိုနေတဲ့ စစ်အုပ်စုလက်အောက်ခံ မူလတန်းပြဆရာမတစ်ဦးက တစ်ရွာတည်းနေ အမျိုးသမီးတစ်ဦးကို ဓားနဲ့ထိုးသတ်ပြီး ရွှေထည်ပစ္စည်းလုယူခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေလ ၁၉ ရက် ညပိုင်းက မြင်းမူကျေးရွာမှာ မူလတန်းပြကျောင်းဆရာမဖြစ်သူ ဒေါ်နုနုထွေးက တစ်ရွာတည်းနေ ဒေါ်မြကြည်နဲ့ မစန်းစန်းအေး နေအိမ်ကို ဝင်ရောက်လုယက်ခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဆရာမက ဂိမ်းတွေအရမ်းရှုံးပြီး ငွေလိုတော့ ညဘက်ကြီး ရွာထဲက အမျိုးသမီးနှစ်ယောက်တည်းနေတဲ့ အိမ်ကို ပစ္စည်းဝင်လုတာ။ လုယက်ခံရတဲ့ အမျိုးသမီးတွေကလည်း ပြန်ခုခံတယ်။ ဆရာမက ဓားနဲ့ဆိုတော့ တစ်ယောက်သေတယ်၊ တစ်ယောက်ဒဏ်ရာရတယ်” လို့ ပြောပါတယ်။
အဲဒီလုယက်မှုဖြစ်စဉ်မှာ ဒေါ်မြကြည်ဟာ ဓားဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး မစန်းစန်းအေးမှာ ဓားဒဏ်ရာ ၄ ချက် ရရှိကာ ဆေးရုံပို့ဆောင်စဉ် သေဆုံးသွားတယ်လို့ ပညာရေးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“လုယက်မှုမှာ တစ်ဦးသေတယ်။ ဒေါ်မြကြည်က ဗိုက်ကို ဓားထိထားတာဆိုတော့ ပင်းတယဆေးရုံမှာပဲ အရေးပေါ်ကုသနေရတယ်၊ အခြေအနေက စိုးရိမ်ရတယ်။ ဓားနဲ့ထိုးတဲ့ ဆရာမက ဘုရားဖြူမူလတန်းကျောင်းက ဆရာမပါ” လို့ ပြောပါတယ်။
ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရသူ ကျောင်းဆရာမကို မေလ ၂၀ ရက် မနက်မှာ အခင်းဖြစ်ရာ မြင်းမူကျေးရွာမှာ စစ်အုပ်စုလက်အောက်ခံ ရဲတွေနဲ့ ပြည်သူ့စစ်အဖွဲ့က ဖမ်းမိခဲ့တယ်လို့ သတင်းအရင်းအမြစ်က ရှင်းပြပါတယ်။
လတ်တလောမှာ စွပ်စွဲခံရသူ ဒေါ်နုနုထွေးကို ပင်းတယမြို့မရဲစခန်းက (ပ) ၃၁/၂၀၂၆၊ ပုဒ်မ ၃၀၂/၄၅၈/၃၂၆ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
