ဒုစစ်ခေါင်းဆောင်ဟောင်း ဦးဆောင်ပြီး ကိုကိုကြီးတို့ ပါဝင်တဲ့ အကြံပေးကောင်စီရုံးဖွင့်ပွဲ ကိုယ်တိုင်ခန့်သမ္မတနဲဲ့ ကာချုပ်အသစ် မတက်
ဒုစစ်ခေါင်းဆောင်ဟောင်း ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်ပြီး ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးတို့ ပါဝင်တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကောင်စီရုံးကို နေပြည်တော်မှာ ဒီကနေ့ ဖွင့်လှစ်ပေမယ့် ကိုယ်တိုင်ခန့်သမ္မတမ င်းအောင်လှိုင်နဲ့ ကာချု့်အသစ်တို့ မတက်ဘူးလို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ကိုယ်တိုင်သမ္မတလုပ်သွားတဲ့ စစ်ခေါင်းဆောင်ရဲ့အောက်မှာ ဒုချုပ်အဖြစ် တာဝန်ယူခဲ့ပေမယ့် တာဝန်က အနားပေးခံခဲ့ရသူ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရုံး ဖွင့်ပွဲကို ကိုယ်တိုင်ခန့် သမ္မတ မင်းအောင်လှိုင်ရော၊ သူ့လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရော မတက်ဘူးလို့ နေပြည်တော်သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။
“အာဏာမရှိတော့ ဒုချုပ်ဖြစ်ခဲ့ဖူးတဲ့ ဦးစိုးဝင်းရဲ့ ရုံးဖွင့်ပွဲကိုတောင် တခမ်းတနားနဲ့ ဖွင့်မပေးဘူး။ သမ္မတရော သူ့အောက်မှာလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရော မလာဘူး၊ ဌာနဆိုင်ရာလည်း မလာဘူး။ ဦးစိုးဝင်းက သူ့ကိုဖွဲ့ပေးထားတဲ့ ကောင်စီထဲက လူတွေနဲ့ပဲ လုပ်လိုက်ရတယ်။ ဝါဒဖြန့်သတင်းဌာနတွေဖြစ်တဲ့ မြဝတီရော မြန်မာ့အသံရော ရိုက်ကူးရေးလုပ်တာလည်း မရှိဘူး” လို့ ပြောပါတယ်။
အခုနှစ် မတ်လ ၃၀ ရက်မှာ အာဏာရှင်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့နေရာကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို လွှဲပေးပြီး၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို သူ့နေရာ လွှဲပေးခံရပါတယ်။
ဒီလို စစ်တပ်အာဏာလွှဲပေးပြီးနောက် စစ်ခေါင်းဆောင်က သမ္မတဖြစ်လာပြီး ဒုစစ်ခေါင်းဆောင်က ဘေးရောက်သွားကာ ဧပြီလ ၁၀ ရက်မှာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဧပြီလ ၁၀ ရက်က စစ်ခေါင်းဆောင် ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီမှာ ဥက္ကဋ္ဌက ဦးစိုးဝင်းဖြစ်ပြီး အတွင်းရေးမှူးမှာ ဗိုလ်ချုပ်ကြီး မောင်မောင်အေးဖြစ်ကာ အဖွဲ့ဝင်များမှာ ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဦးမိုးအောင်၊ ဒေါက်တာ ရင်ရင်နွယ်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးကိုကိုကြီး၊ မန်းငြိမ်းမောင်၊ ဒေါ်ဒွဲဘူနဲ့ ဦးဇော်အေးမောင်တို့ ဖြစ်ပါတယ်။
ဓာတ်ပုံ – U Zaw Aye Mg
