စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ဗုဒ္ဓရဲ့အဆုံးအမကို ကျင့်ကြံရန်ပင် စိန်ခေါ်မှုဖြစ်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

Author CJ Platform
Categories
Published on May 13, 2026

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို နာယူကျင့်ကြံအားထုတ်ရန်ပင် စိန်ခေါ်မှု အလွန်ကြီးမားလာကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ ဒီကနေ့ မေလ ၁၃ ရက်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဲဒီပြောဆိုချက်ကိုတော့ မနေ့ မေလ ၁၂ ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့ အထိမ်းအမှတ်အခမ်းအနားမှာ သံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူတွေအနေနဲ့ အတင်းအကျပ် နေရပ်စွန့်ခွာရခြင်း၊ ဆင်းရဲနွမ်းပါးခြင်းနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေရခြင်းစတဲ့ ဆိုးရွားလှတဲ့ ဘေးဒုက္ခတွေကို ဆက်တိုက်ရင်ဆိုင်နေရကြောင်းနဲ့ အဲဒီလို အကျပ်အတည်းတွေကြားကပင် ပြည်သူတွေရဲ့ ကြံ့ခိုင်တဲ့ စိတ်ဝိညာဉ်ဟာ မယိုင်မလဲ သန်မာလျက်ရှိပြီး စစ်မှန်တဲ့ တရားဓမ္မနဲ့ ငြိမ်းချမ်းရေးကိုသာ တောင့်တနေကြကြောင်းကိုလည်း သံအမတ်ကြီးက ပြောပါတယ်။

 

အထူးသဖြင့် အမေရိကန်ပြည်ထောင်စုအတွင်း မိုင်ပေါင်း ၂,၃၀၀ ကျော် ခြေလျင်လျှောက်လှမ်းခဲ့တဲ့ “ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်း (Walk for Peace)” ခရီးရှည်ဟာ ငြိမ်းချမ်းရေးကို ငတ်မွတ်နေတဲ့ မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက်နဲ့ ခွန်အားကို ဆောင်ကျဉ်းပေးခဲ့တယ်လို့လည်း လေးလေးနက်နက် ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

“ငြိမ်းချမ်းရေးအတွက် အပြောနဲ့တင်မဟုတ်ဘဲ လက်တွေ့အတူတကွ လျှောက်လှမ်းပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ မြန်မာပြည်သူတွေရဲ့ တရားမျှတတဲ့ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေး ကြိုးပမ်းမှုတွေအတွက် ပိုမိုအားကောင်းပြီး ထိရောက်တဲ့ အကူအညီတွေ ပေးအပ်ကြဖို့ တောင်းဆိုပါတယ်” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

 

အဲဒီ အခမ်းအနားကို “Walk for Peace” ခရီးစဉ်ကို ဦးဆောင်ခဲ့တဲ့ ဆရာတော် ဘိက္ခုပညာကာရအပြင် မြန်မာဘုန်းတော်ကြီးတွေ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးမှာ သံအမတ်ကြီးနဲ့အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ရုံးမှာ အန္တရာယ်ကင်းပရိတ်တရားတော်တွေ နာယူခဲ့ကြတယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – Permanent Mission of Myanmar to the United Nations