မြောင်းမြမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းဥပဒေနဲ့ ရွာသားတွေကို ခြိမ်းခြောက်ငွေညှစ်နေ
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ဘုရားငုတ္တိုရှမ်းစုကျေးရွာမှာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးဖြစ်သူက စစ်မှုထမ်းဥပဒေကို အသုံးချကာ ကျေးရွာသားတွေအပေါ် ငွေညှစ်တာနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
ဘုရားငုတ္တိုရှမ်းစုကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ကိုပိုင်လေး (ခ) ပိုင်ပိုင်နဲ့ ရာအိမ်မှူး ကိုဝင်းကိုဆိုသူတို့ဟာ အရက်မူးတိုင်း ကျေးရွာသားတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေအပြင် စစ်မှုထမ်းထည့်မည်ဟုဆိုကာ ပြောဆိုခြိမ်းခြောက်မှုတွေကြောင့် နေရာပြောင်းရွှေ့ တိမ်းရှောင်နေကြသလို စစ်မှုထမ်းကင်းလွတ်စေရေးလို့ဆိုကာ ငွေကြေးကောက်ယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ အဆိုအရ ကိုပိုင်လေးဟာ မြေတံတားအုပ်စုက အရက်မူးပြီး ဓားနဲ့ခုတ်မှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုမှာ နစ်နာသူက အမှုဖွင့်ခဲ့ပေမယ့် စစ်အုပ်စုရဲစခန်းနဲ့ ပူးပေါင်းကာ အမှုကို ပိတ်ခိုင်းပြီး နစ်နာသူကို စစ်မှုထမ်းထည့်မည်ဟု ပြောဆိုခြိမ်းခြောက်ခဲ့တာကြောင့် နစ်နာသူမှာ မိသားစုပိုင်မြေယာတွေကို ရရာဈေးနဲ့ ရောင်းချကာ တခြားနေရာသို့ ပြောင်းရွှေ့နေထိုင်ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ အုပ်ချုပ်ရေးမှူးဟာ စစ်မှုထမ်းစာရင်းမှ ပယ်ဖျက်ပေးမည်ဟုဆိုကာ လူငယ်တွေဆီက လစဉ်ကြေး တောင်းခံနေသလို လင်မယားချင်း ရန်ဖြစ်တဲ့ ကိစ္စတွေမှာပင် ငွေကျပ် ၅ သိန်းပေးမှ စစ်မှုထမ်းစာရင်းထဲ မထည့်ဘဲ လွှတ်ပေးမည်ဟုဆိုကာ ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေသလို ကျေးရွာအတွင်းမှ စစ်မှုထမ်းသင်တန်း တက်ရောက်ရမယ့်သူတွေအတွက် ထောက်ပံ့ကြေးပေးဖို့ဆိုတဲ့ ငွေကျပ် ၁၃ သိန်းကျော်ကိုလည်း ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် မြောင်းမြမြို့နယ်အတွင်း အခြားရပ်ကွက်ကျေးရွာတွေမှာ ညစဉ်လုံခြုံရေးကင်း ချထားခြင်းမရှိပေမယ့် ဘုရားငုတ္တိုရှမ်းစုကျေးရွာမှာတော့ ညစဉ်ကင်းစောင့်ခြင်းကို အဓမ္မခိုင်းစေနေပြီး အမျိုးသားမရှိတဲ့ အိမ်ထောင်စုတွေမှာတော့ တစ်ရက်လျှင် ၅,၀၀၀ ကျပ် ပုံမှန်ပေးဆောင်နေကြရတယ်လို့ သိရပါတယ်။
လက်ရှိမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ဖိနှိပ်မှုတွေနဲ့ စစ်မှုထမ်းစေဖို့ ဖိအားပေးတာတွေကြောင့် ကျေးရွာရှိ လူငယ်အများစုမှာ နေအိမ်မှာ မနေရဲကြတော့ဘဲ တခြားဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – အုပ်ချုပ်ရေးမှူး ကိုပိုင်လေးကို မြင်ရပုံ
