လှိုင်သာယာမှာ  အားသွင်းလျှပ်စစ်မီးလုံး အားသွင်းရာမှ မီးလောင်မှုဖြစ်ပြီး နေအိမ် ၂ လုံးပျက်ဆီး

Author CJ Platform
Categories
Published on May 13, 2026

ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်၊ အနော်ရထာလမ်းနဲ့ ပုသိမ်လမ်းထောင့်မှာ မေလ ၁၂ ရက် မနက် ၁ နာရီက လူမရှိဘဲ မီးလုံးအားသွင်းထားရာကနေ မီးလောင်မှုဖြစ်ပြီး နေအိမ် ၂ လုံး မီးထဲပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

အနော်ရထာလမ်းနဲ့ ပုသိမ်လမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့ UK လျှပ်စစ်ဆိုင်ပိုင်ရှင်က ညဘက်ဆိုင်မှာ အားသွင်းမီးလုံးကို အားသွင်းထားရာမှ ဝါယာရှော့ဖြစ်ပြီး မီးလောင်ကာ UK ဘီယာဆိုင်ပါ မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“UK လျှပ်စစ်ပစ္စည်းဆိုင်က လူမရှိဘဲ မီးလုံးကို အားသွင်းခဲ့လို့ ဝါယာရှော့ဖြစ်ပြီး လောင်တာ၊ သူပိုင်တဲ့ UK ဘီယာဆိုင်ပါ ပါသွားတယ်။ စခန်းကတော့ သူ့ကို ဖမ်းထားတယ်” လို့ ပြောပါတယ်။

 

အဲဒီ မီးလောင်မှုကို လှိုင်သာယာမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီး စုစုပေါင်း ၄ စီးနဲ့ ရပ်ကွက်နေပြည်သူတွေနဲ့အတူ မိနစ် ၂၀ အကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။

 

“ဆိုင်နှစ်ဆိုင်လောင်တာဆိုတော့ ဆုံးရှုံးမှုများပါတယ်။ ဆိုင်ရှင်ကို သောင်ကြီးရဲစခန်းက မီးကို ပေါ့ဆစွာလို့ ပုဒ်မ ၂၈၅ နဲ့ အရေးယူထားပါတယ်” လို့ ရှင်းပြပါတယ်။

 

လက်တလောမှာ သောင်ကြီးမြို့မရဲစခန်းက UK လျှပ်စစ်ပစ္စည်းဆိုင်နဲ့ UK ဘီယာဆိုင်ပိုင်ရှင် ဦးချစမ်းမောင်ကို (ပ)အမှတ် ၄၂/၂၀၂၆ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်ကလည်း လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အမှတ် ၁၅ ရပ်ကွက်၊ ကျန်စစ်သားလမ်းမမှာ ဘက်ထရီစက်ဘီး အားသွင်းရာမှ နေအိမ် ၂ လုံး မီးထဲပါသွားတဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

 

ဓာတ်ပုံ – MFSD

 

 

Related News

Depend on news