တပ်ကုန်းမှာ ၂၂ ဘီးကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံး
နေပြည်တော်၊ တပ်ကုန်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၂၄၉ မိုင် ၆ ဖာလုံနဲ့ ၇ ဖာလုံကြားမှာ ဒီကနေ့ မနက် ၁၁ နာရီက ၂၂ ဘီးတွဲကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ မနက် ၁၁ နာရီက ပျဉ်းမနားမြို့နယ်ကနေ တပ်ကုန်းမြို့ဘက်ကို မောင်းလာတဲ့ ဆိုင်ကယ်တစ်စီးဟာ လမ်းပေါ်တက်စဉ် တိမ်းမှောက်ရာကနေ အနောက်ကပါလာတဲ့ ၂၂ ဘီးကားက တက်ကြိတ်ခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“သံယောဇဉ်စားသောက်ဆိုင်နားမှာ ဖြစ်တာ၊ ဆိုင်ကယ်က လမ်းမပေါ်တက်တာ မှောက်ပြီးလဲတဲ့အချိန် အနောက်က တွဲကားက တက်ကြိတ်တာ၊ ဆိုင်ကယ်မောင်းတဲ့သူ ပွဲချင်းပြီးသေသွားတယ်” လို့ ပြောပါတယ်။
သေဆုံးသူအမျိုးသားကို လူမှုကူညီရေးအသင်းတွေက တပ်ကုန်းမြို့နယ် ခုတင် ၁၀၀ ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ၂၂ ဘီးကားမောင်းသူကို ယာဉ်ထိန်းရဲတွေက စစ်ဆေးနေတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
မနေ့ မနက် ၁၀ နာရီကလည်း ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၂၃၅/၄ ဖာလုံမှာ ယာဉ် ၃ စီး တိုက်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီး ၁၆ ဦး ဒဏ်ရာရတဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
မေလ ၁၁ ရက် ညနေ ၅ နာရီခွဲခန့်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၄၇/၇ နဲ့ ၂၄၈/၀ ကြားမှာ AD Van ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင်တိုက်ခဲ့လို့ ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ပါတယ်။
ဒီနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဉ်တိုက်မှု ၅၂ မှု ဖြစ်ခဲ့ပြီး သေဆုံးသူ ၃၂ ယောက်ရှိကာ ဒဏ်ရာရသူ ၆၃ ယောက်ရှိတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
