ကရင်နီအမျိုးသားခေါင်းဆောင် ခွန်းရီမာန်ထူးရဲ့ ဈာပနအခမ်းအနားကို လွတ်မြောက်နယ်မြေမှာ ကျင်းပ
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူးရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့ မေ ၁၃ ရက်မှာ လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ The Karenni Information Centre (KnIC) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲဒီ အခမ်းအနားကို KNPP ဥက္ကဋ္ဌ ခူဦးရယ်နဲ့ တာဝန်ရှိသူတွေ၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်း၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အတွင်းရေးမှူး ကိုဆန်နီနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီပြည်အတိုင်ပင်ခံကော်မတီ (KSCC)၊ ကရင်နီပြည်အစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အခမ်းအနားမှာ မိတ်ဖက်အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာတဲ့ ဝမ်းနည်းကြောင်းသဝဏ်လွှာတွေ ဖတ်ကြားခြင်း၊ အမှတ်တရစကား ပြောကြားခြင်းနဲ့ ဝတ်ပြုဆုတောင်းခြင်းတွေနဲ့အတူ နောက်ဆုံးခရီးကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး (အသက် ၈၂ နှစ်) ဟာ မေလ ၁၀ ရက်၊ နံနက်ပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကရင်နီပြည်တော်လှန်ရေးနဲ့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးတို့အတွက် ဘဝတစ်သက်တာလုံး ပေးဆပ်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
ခွန်းရီမာန်ထူး ကွယ်လွန်ခြင်းဟာ KNPP အတွက်သာမက KNU အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများအတွက်ပါ ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ကြောင်း KNU က ဒီကနေ့ မေလ ၁၃ ရက် ရက်စွဲနဲ့ ပေးပို့တဲ့ ဝမ်းနည်းကြောင်းသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ သူဟာ နိုင်ငံရေးနဲ့ စစ်ရေးကို ဟန်ချက်ညီစွာ ထိန်းကျောင်းနိုင်ရန် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူ့ရဲ့ တော်လှန်ရေးအပေါ် အနစ်နာခံပေးဆပ်မှုတွေကို ဦးညွတ်အလေးပြုကြောင်းလည်း KNU က ဆိုထားပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ ခွန်းရီမာန်ထူးရဲ့ ဈာပနကို ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေ၊ ပြည်သူလူထုနဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ အမျိုးသမီးလူငယ်အဖွဲ့အစည်းတွေ တက်ရောက်ဂါရဝပြုခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – KnIC
