နေပြည်တော်တွင် ပိုက်ဆံမပေးရကြောင်း ဗီဒီယိုရိုက်ကူးရာ ယာဉ်မောင်းနဲ့ ခရီးသွားပြည်သူတွေကို ပါဝင်သရုပ်ဆောင်ခိုင်းလို့ အခက်တွေ့

Author CJ Platform
Categories
Published on Jun 10, 2026

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့အဝင် စစ်ဆေးရေးဂိတ်မှာ ရဲတပ်ဖွဲ့ဝင်တွေက ငွေကြေးကောက်ခံမှုမရှိကြောင်း ဝါဒဖြန့်ဗီဒီယိုရိုက်ကူးရာမှာ လမ်းဖြတ်သန်းသွားလာနေတဲ့ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေကိုပါ အဓမ္မပါဝင်သရုပ်ဆောင်ခိုင်းနေတာကြောင့် ခရီးသွားလာသူတွေ အချိန်ကြန့်ကြာမှုအပါအဝင် အခက်အခဲဖြစ်ရကြောင်း သိရပါတယ်။

 

ငွေတောင်းကြမ်းလှတဲ့ တပ်ကုန်းမြို့အဝင် စစ်ဆေးရေးဂိတ်ဟာ ယခင်က ကုန်တင်ကားတစ်စီးလျှင် ငွေကျပ် ၁၀,၀၀၀၊ ခရီးသည်တင်ယာဉ်တစ်စီးလျှင် ၇,၀၀၀ ကျပ်နှင့် အိမ်စီးကားတစ်စီးလျှင် ၃,၀၀၀ ကျပ်အထိ ဗြောင်ကျကျ တောင်းခံခဲ့တာကြောင့် ဇွန်လ ၅ ရက်နေ့က စစ်တပ်ထောက်ခံသူအချို့ကိုယ်တိုင် တိုင်ကြားမှုများ ရှိခဲ့ပြီး၊ စစ်ဆေးရေးဂိတ်ရှိ ရဲတွေက အခုလို နေ့စဉ် ဗီဒီယိုရိုက်ကူးမှုတွေ ပြုလုပ်လာတာဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“တပ်ကုန်းမြို့ဝင်စစ်ဆေးရေးဂိတ်ကနေ ဖြတ်သမျှကား အကုန်တောင်းတာ။ ကုန်ပစ္စည်းများရင် များသလို ပေးရတယ်။ Express ကားတွေက ခရီးသည်တွေ အခက်အခဲဖြစ်မှာစိုးလို့ သူတို့တောင်းသလောက် ပေးရတာ။ အခုလ ၆ ရက်နေ့ကစပြီး မတောင်းတော့ဘဲ ပိုက်ဆံမပေးရကြောင်း သက်သေပြဖို့ ရဲတွေက ဗီဒီယိုပဲ လိုက်ရိုက်တော့တယ်” လို့ သူက ဆိုပါတယ်။

 

ဇွန်လ ၇ ရက်နေ့ကစပြီး တပ်ကုန်းမြို့အဝင် စစ်ဆေးရေးဂိတ်ရှိ ရဲတွေနဲ့ ယာဉ်ထိန်းရဲတွေက ကုန်တင်ကား၊ ခရီးသည်တင်ကားနဲ့ အိမ်စီးကားတွေမှ ယာဉ်မောင်းတွေနဲ့  ခရီးသည်တွေကို ခေါ်ယူကာ ငွေကြေးပေးခဲ့ရခြင်းမရှိကြောင်း ဗီဒီယိုရိုက်ကူးရာတွင် ပါဝင်ခိုင်းနေတယ်လို့ ယာဉ်မောင်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“၇ ရက်နေ့ကတည်းက တပ်ကုန်းစစ်ဆေးရေးဂိတ်က ရဲနဲ့ ယာဉ်ထိန်းရဲတွေက ယာဉ်မောင်းတွေကိုခေါ်ပြီး ပိုက်ဆံမပေးရကြောင်း ဗီဒီယိုရိုက်တာ။ ယာဉ်မောင်းက သူတို့ရေးပေးထားတဲ့ စာရွက်ထဲကအတိုင်း ပြောရတာ။ တချို့ကျတော့လည်း မှားလို့ ခဏခဏပြန်ပြော၊ ပြန်ရိုက်ရတယ်။ ကျွန်တော့်အသိ ယာဉ်မောင်းတစ်ယောက်တောင် ဝင်ပြီး သရုပ်ဆောင်ပေးခဲ့ရသေးတယ်” လို့ သူက ရှင်းပြပါတယ်။

 

အလားတူပင် မှတ်ပုံတင်စစ်ဆေးရေးဂိတ်မှာလည်း ရဲအရာရှိတွေက ပြည်သူလူထုကို သေချာရှင်းပြနေသည့် ပုံစံမျိုး ဗီဒီယိုရိုက်ကူးရာမှာ ယာဉ်မောင်းနဲ့ ခရီးသည်တွေကို ပါဝင်သရုပ်ဆောင်ခိုင်းနေတာကြောင့် အချိန်ကုန်ပြီး အခက်တွေ့ရတယ်လို့ ခရီးသွားပြည်သူတစ်ဦးက ဆိုပါတယ်။

 

“မှတ်ပုံတင်စစ်ဆေးရေးဂိတ်မှာလည်း အဲဒီအတိုင်းပဲ။ ယာဉ်မောင်းရော၊ ခရီးသည်ရော ဝင်ပြီး သရုပ်ဆောင်ပေးရတာ။ သူတို့ပြောတာ နားထောင်ရတဲ့ ဇာတ်ဝင်ခန်းဆို ပြဿနာမရှိပေမဲ့၊ ပြန်ပြောရတဲ့အခန်းဆို မှားလို့ ခဏခဏပြန်ရိုက်ရတော့ အချိန်ကုန်တယ်။ ယာဉ်မောင်းနဲ့ ခရီးသည်တွေအစား ရုပ်ရှင်အစည်းအရုံးက လူတွေကိုခေါ်ပြီး ရိုက်သင့်တယ်” လို့ သူက သရော်ပြီး ပြောဆိုပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ကလည်း ငွေတောင်းကြမ်းသည့် စစ်ဆေးရေးဂိတ်တွေကို စစ်အုပ်စုခန့် ပြည်ထဲရေးဝန်ကြီးက ရှောင်တခင် ဝင်ရောက်စစ်ဆေးမယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်ခဲ့တာကြောင့်၊ ဘယ်ကားထဲမှာ ဝန်ကြီးပါလာမလဲ မသိသဖြင့် စစ်ဆေးရေးဂိတ်က ရဲတွေအားလုံး လမ်းဖြတ်သန်းသမျှ ကားတိုင်းကို အလေးပြုခဲ့ကြသည့် ဖြစ်စဉ်မျိုးလည်း ရှိခဲ့ဖူးကြောင်း သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်