“အထူးထုတ်မဝယ်နိုင်ရင် ကျောင်းလာမတက်နဲ့” လို့ပြောတဲ့ ကျိုက်မရော အထက်တန်းကျောင်းခွဲကို မိဘတွေ တိုင်ကြား
မွန်ပြည်၊ ကျိုက်မရောမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲတစ်ခုမှာ Grade 12 (၁၂ တန်း) တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို “အထူးထုတ်စာအုပ် မဝယ်နိုင်ရင် ကျောင်းလာမတက်နဲ့” လို့ အတန်းပိုင်ဆရာမတွေက ပြောဆိုခဲ့တာကြောင့် ကျောင်းသားမိဘတွေက မြို့နယ်ပညာရေးမှူးရုံးကို သွားရောက်တိုင်ကြားထားကြောင်း မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ၁၂ တန်းကျောင်းသား၊ ကျောင်းသူတွေကို အတန်းပိုင်ဆရာမတွေက အထူးထုတ်စာအုပ်များ ဝယ်ယူလာရန် ပြောဆိုခဲ့ပြီး၊ မဝယ်နိုင်တဲ့ ကလေးငယ်တွေ ကျောင်းလာမတက်ရန် ပညာရေးကန့်သတ်သည့် ပုံစံမျိုး ပြောဆိုခဲ့တာကြောင့် မိဘတွေက မကျေနပ်လို့ အခုလို တိုင်ကြားခဲ့ကြတာဖြစ်တယ်လို့ ကျောင်းသားမိဘတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဆရာမတွေက အလွယ်တကူ ဟောဟောဒေါဒေါ ပြောလိုက်တာ။ ၁၂ တန်း အထူးထုတ်စာအုပ် တစ်အုပ်ကို ၁ သောင်းခွဲကနေ ၂ သောင်းခွဲအထိ ပေးရတယ်။ ဘာသာစုံဆိုရင် ကျပ်တစ်သိန်းနား ကပ်သွားပြီ။ ၁၂ တန်း ကျောင်းအပ်တုန်းကတင် ကျောင်းသားတစ်ယောက်ကို ကုန်ကျစရိတ်က ၃ သိန်းခွဲကနေ ၄ သိန်းအထိ ကုန်ခဲ့တာ။ မရှိလို့ အစိုးရကျောင်း ထားရတာပါ။ အခု အထူးထုတ်မပါရင် ကျောင်းမတက်ရဘူးဆိုတော့ လူကြားလို့မှ မကောင်းတာ” လို့ သူက ဆိုပါတယ်။
အခုလို အထူးထုတ်မဝယ်နိုင်ပါက ကျောင်းမလာရန် ပြောဆိုခြင်းဟာ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသား၊ ကျောင်းသူတွေအပေါ် ပညာသင်ကြားခွင့် ကန့်သတ်ပြီး ခွဲခြားဆက်ဆံတာဖြစ်တာကြောင့် မြို့နယ်ပညာရေးမှူးရုံးသို့ တင်ပြတိုင်ကြားခဲ့ရတာ ဖြစ်တယ်လို့ အခြားမိဘတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဆရာမတွေကို မေးချင်တာက အထူးထုတ် ဝယ်ပေးမှပဲ သင်လို့ဖြစ်မှာလား။ နိုင်ငံတော်ကပေးတဲ့ သင်ရိုးညွှန်းတမ်း စာအုပ်တွေနဲ့ရော သင်လို့မရဘူးလား။ ဒါဆိုရင် ပိုက်ဆံတတ်နိုင်တဲ့ ကလေးက ပညာသင်ကြားခွင့်ရပြီး၊ ငွေကြေးချို့တဲ့တဲ့ ကလေးက ၁၂ တန်း မတက်ရတော့ဘူးဆိုတဲ့ သဘောဖြစ်နေတယ်” လို့ ဝေဖန်ပြောဆိုပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျောင်းသားမိဘတွေက အဆိုပါကျောင်းခွဲက ၁၂ တန်းကို ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို စိစစ်ကြပ်မတ်ပေးဖို့ မြို့နယ်ပညာရေးမှူးရုံးသို့ ဇွန်လ ၉ ရက်နေ့က တိုင်ကြားစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
အခုနှစ် ဇွန်လ ၁ ရက်နေ့ ကျောင်းများ စတင်ဖွင့်လှစ်ကတည်းက အခြေခံပညာအလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းအချို့မှာလည်း အတန်းပိုင်ဆရာမတချို့က ကျောင်းသား၊ ကျောင်းသူတွေကို သူတို့ဆီမှာ အပြင်ကျူရှင်တက်ဖို့ ဖိအားပေးပြောဆိုမှုတွေ ရှိနေတာကြောင့် အခြေခံလူတန်းစား မိဘတွေကြား အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
