မြောက်ဒဂုံမှာ ပျောက်ဆုံးနေတဲ့ ၆ တန်းကျောင်းသားလေးကို သတ်ဖြတ်ခံထားရတဲ့ ပုံစံနဲ့ ရုပ်အလောင်းသာ ပြန်တွေ့
ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်၊ အမှတ် (၃၉) ရပ်ကွက်မှာ နေအိမ်ကနေ ပျောက်ဆုံးသွားတဲ့ ခြောက်တန်းကျောင်းသားလေးကို ဒီနေ့ ဇွန်လ ၁၀ ရက် မနက် ၆ နာရီဝန်းကျင်က အသတ်ခံထားရတဲ့ အနေအထားနဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့ပြီး ၂ ရက်အကြာ ဇွန်လ ၁၀ ရက် မနက် ၆ နာရီမှာ မြောက်ဒဂုံမြို့နယ်၊ ၃၈ ရပ်ကွက် ကန်ဘောင်ဘေးတွင် အသတ်ခံထားရတဲ့ အနေအထားနဲ့ အလောင်းကို ပြန်တွေ့ခဲ့တာဖြစ်တယ်လို့ ၃၉ ရပ်ကွက်နေပြည်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“မိဘချင်း ကိုယ်ချင်းစာတယ်။ ကိုယ့်သားသမီးအဖြစ်ကို ကြည့်ပြီး ဘယ်လောက်အထိ ခံစားရမလဲ။ ကလေးတစ်ယောက်ကို အခုလို ရက်ရက်စက်စက် ရိုက်နှက်သတ်ဖြတ်တာကို လုံးဝလက်ခံလို့မရဘူး။ ကျူးလွန်တဲ့သူကို ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ထိရောက်စွာ အပြစ်ပေးအရေးယူရမယ်” လို့ သူက ဆိုပါတယ်။
အသတ်ခံရတဲ့ ကလေးငယ်မှာ အသက် ၁၃ နှစ်အရွယ်ရှိ ၆ တန်းကျောင်းသား မောင်မင်းခန့်ဇော် ဖြစ်ပြီး အေးဆေးစွာ နေတတ်သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ဦးလေးဖြစ်သူကလည်း “ကျွန်တော့်တူလေး အနေအေးအေးလေးကိုမှ ဘယ်လိုလူမျိုးတွေက ရက်ရက်စက်စက် လုပ်ရက်လိုက်ကြတာလဲဗျာ။ ငါ့တူလေးရယ် မင်းအဖြစ်ကလည်း ဆိုးလိုက်တာကွာ။ ဘဝဆက်တိုင်းမှာ အခုလို ဖြစ်ရပ်ဆိုးမျိုး မကြုံရပါစေနဲ့ကွာ” လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားကာ စိတ်နှလုံးထိခိုက်ကြေကွဲကြောင်း ဖော်ပြထားပါတယ်။
မောင်မင်းခန့်ဇော်ရဲ့ ရုပ်အလောင်းကို စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်သွားပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကာ၊ နေ့ချင်းပြီး သင်္ဂြိုဟ်ခိုင်းမှုအပေါ် ဒေသခံပြည်သူတွေနဲ့ မိသားစုဝင်တွေအကြား ဝေဖန်မှုများ မြင့်တက်နေပါတယ်။
“ဒါက လူသတ်မှုလေဗျာ။ ရဲတွေက ဘာလို့ ရုပ်အလောင်းကို နေ့ချင်းပြီး သင်္ဂြိုဟ်ခိုင်းရတာလဲ။ သေချာတိတိကျကျ မစစ်ဆေးတော့ဘူးလား။ အသတ်ခံရတဲ့ ကလေးတက်နေတဲ့ ကျောင်းက အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ ပတ်သက်ဆက်နွှယ်သူတွေကို သေချာစစ်ဆေးဖော်ထုတ်သင့်တယ်” လို့ ရပ်မိရပ်ဖတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က သေဆုံးသူ မောင်မင်းခန့်ဇော်ဟာ ကျောင်းက ပြန်လာပြီးနောက် ညနေ ၄ နာရီခွဲခန့်မှာ နေအိမ်ကနေ ထွက်ခွာသွားခဲ့ရာကနေ ပြန်လည်ရောက်ရှိမလာတော့တာ ဖြစ်ပါတယ်။ အဆိုပါအတွက် မိသားစုဝင်တွေက သွားတတ်တဲ့နေရာမျိုးစုံ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိတာကြောင့် ရဲစခန်းတွင် လူပျောက်တိုင်ချက်ဖွင့်ခဲ့သလို၊ လူမှုကွန်ရက်ပေါ်မှာလည်း ဝိုင်းဝန်းကူညီရှာဖွေပေးဖို့ အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၁၃ နှစ်အရွယ် ၆ တန်းကျောင်းသားလေး မောင်မင်းခန့်ဇော် ရက်ရက်စက်စက် အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ကာ ထိရောက်စွာ အရေးယူပေးဖို့ လူမှုကွန်ရက်ပေါ်မှာ တောင်းဆိုမှုတွေ အလွန်မြင့်တက်နေပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
