ခလရ ၁၀၆ ဒုတပ်ရင်းမှူး အပစ်ခံရပြီးနောက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်တွေ မတက်ရဲတော့
ရေးမြို့နယ်မှာ ခလရ ၁၀၆ ဒုတပ်ရင်းမှူး ဗိုလ်မှူးထွန်းရာကျော် ပစ်ခတ်ခံရပြီးနောက် ဒီကနေ့ ရေးမြို့နယ်ထွေအုပ်ရုံးမှာ ပြုလုပ်တဲ့ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေ မတက်ရဲတော့ဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ မနက် ၉ နာရီက ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တောင်သူ ၉၃၆ ယောက်ကို ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးခဲ့တာလို့ တောင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ပေးတာတော့ အကုန်ပေးတယ်။ ဒါပေမယ့် အမည်ပေါက်မဟုတ်တဲ့သူတွေတော့ မရဘူး။ အမည်ပေါက်ဆိုတဲ့နေရာမှာ အဖေကနေ သားသမီးကို မသေခင် နှုတ်နဲ့ပေးခဲ့တာတွေ ရှိတယ်။ တချို့က နားမလည်တော့ အဲဒါကို အမည်မပြောင်းထားတော့ မရဘူး။ အဲဒီလိုကိစ္စတွေကို တောင်သူတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို အကူအညီတောင်းမယ်ပေါ့။ ရေးမြို့မှာ လွှတ်တော်ကိုယ်စားလှယ် ၄ ယောက်ရှိတယ်၊ ၄ ယောက်လုံး မလာဘူး။ ဒုတပ်ရင်းမှူး ပစ်သတ်ခံရတဲ့သတင်းကြားပြီး မလာတာလို့ ပြောတယ်” လို့ ရှင်းပြပါတယ်။
ရေးမြို့နယ်ထွေအုပ်ရုံးက ပုံစံ ၇ အမည်ပေါက်လယ်ဧက ၅,၅၅၅ ဧကအတွက် စုစုပေါင်း ကျပ်သိန်းပေါင်း ၁၆,၆၆၅ သိန်း ထုတ်ချေးပေးတာလို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ရေးမြို့နယ်မှာ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေရှိပေမယ့် ဌာနဆိုင်ရာဝန်ထမ်းများလည်း သွားလာနေရတာမို့ ပြည်သူလူထုအား ကတိပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တက်သင့်တယ်လို့ Non-CDM ဝန်ထမ်းတစ်ဦးက ထောက်ပြပြောဆိုပါတယ်။
“သေမှာတော့ လူတိုင်းကြောက်တာပဲ၊ ကျွန်တော်တို့လည်း ဒီလိုပဲ မဖြစ်ဖြစ်အောင် လုပ်ရတာပဲ။ ဗိုလ်မှူးပစ်ခံရတာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက မလာဘူးဆိုတော့ ပြည်သူလူထုအခက်အခဲ ဘယ်သူ့ကို တင်ပြမလဲ။ အဲဒီကိစ္စကို ပြည်နယ်အစိုးရကို တင်ပြထားတယ်” လို့ ပြောပါတယ်။
မေလ ၁၂ ရက်ဟာ မွန်ပြည်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ သထုံ၊ ကျိုက်ထိုနဲ့ ရေးမြို့နယ်အပါအဝင် မြို့နယ်ပေါင်း ၁၀ မြို့နယ်မှာ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲကို တစ်ပြိုင်တည်း ပြုလုပ်တာလို့ Non-CDM ဝန်ထမ်းက ပြောပါတယ်။
မနေ့ ညနေ ၆ နာရီက ရေးမြို့နယ်၊ လမိုင်းမြို့၊ မြို့မ ၁ ရပ်ကွက်၊ ဘုရင့်နောင်လမ်းမှာ မော့ကနင်ကျေးရွာအခြေစိုက် ခလရ ၁၀၆ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးထွန်းရာကျော် ပစ်ခတ်ခံရပြီး လွှတ်တော်ကိုယ်စားလှယ်များက မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲကို မတက်တော့တာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် စစ်အုပ်စုက ပြုလုပ်တဲ့ရွေးကောက်ပွဲမှာ ရေးမြို့နယ်၌ မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနဲ့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ၁ ဦး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – Pro-SAC
